ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ၂၆ ဩဂုတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စုသဘာတူစာချုပ် အစိတ်အပိုင်း(၃)နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အဆိုပါ သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အရ ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)ကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော် ငြာစာအမှတ် (၄၈/ ၂၀၁၆)ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့စသည်ဖြင့် အစုအဖွဲ့(၃)ဖွဲ့၊ အဖွဲ့ဝင်(၄၈)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း။

 

(၁၉)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၇ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဆွေးနွေးရရှိလာသည့် သဘောတူညီချက်များကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အပိုင်း(၃)ပိုင်းပါဝင်သော အဆိုပြုချက်များကို တင်သွင်းခဲ့ပါကြောင်း၊ ယင်းတို့မှာ အပိုင်း(၁) တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅)ချက်၊ အပိုင်း(၂) ၂၀၂၀ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ဇယား(၁)၊ အပိုင်း(၃) ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံ မူသဘောတူ ညီချက်(၅)ချက်တို့ ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ကတင်သွင်းသော အထက်ပါအဆိုပြုချက်များအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၁ ရက်တွင်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတတိယနေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ညီလာခံကအတည်ပြုခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အပိုဒ်(၂၀) အပိုဒ်ခွဲ(င)အရ အစုအဖွဲ့ အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အပိုဒ်(၂၀) အပိုဒ်ခွဲ (စ)တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်းဟူ၍ လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အခန်း(၈) အပိုဒ်(၂၈)တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများကို လည်းကောင်း၊ ပြည်ထောင်စုသဘောတူစာချုပ် တစ်ရပ်လုံးကိုလည်းကောင်း အနီးဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက် ရယူရမည်ဟူ၍ လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လုပ်ငန်းလမ်းညွှန် အပိုဒ်(၃) အပိုဒ်ခွဲ(ဌ)တွင် UPDJC သည် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများကိုလည်းကောင်း၊ ပြည်ထောင်စုသဘောတူ စာချုပ်တစ်ရပ်လုံးကိုလည်းကောင်း အနီးဆုံးကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက်ရယူနိုင်ရေးအတွက် ဆောင်ရွက်ရမည်ဟူ၍ လည်းကောင်း ဖော်ပြပါရှိပါသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သော ပြည်ထောင်စုသဘောတူစာချုပ်အစိတ် အပိုင်း(၃)ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်းဖြစ်ပါကြောင်း။

 

သို့ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စု သဘာတူစာချုပ် အစိတ်အပိုင်း(၃)ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘင်းမ်စတက်ပဋိညာဉ် စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်က ယခုစာ တမ်းတွင် အဖွဲ့၏ ဆုံးဖြတ်ချက်များကို အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူညီမှု ရရှိမှသာ ချမှတ်နိုင်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများအပေါ်တွင် ဝင်ရောက်စွက်ဖက်မှုကို တားမြစ်ခြင်းစသည့် အရေးကြီးသည့် မူများကို ထည့်သွင်းထားပါကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူများနှင့် ကိုက်ညီသည့်အတွက် ထောက်ခံပါကြောင်း၊ လွှတ်တော်များ၏ သက်ဆိုင်ရာ ကော်မတီများတွင်လည်း ယခုပဋိညာဉ် စာတမ်းပါ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည့် ဥပဒေပြုမှုနှင့် အခြားပူးပေါင်းဆောင်ရွက်မှုများကိုလည်း အစီအစဉ်များချမှတ်ပြီး ဆောင်ရွက်နိုင်ရန် အကြံပြုအပ်ပါကြောင်း ဆွေးနွေးသည်။

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုးက ဘင်းမ်စတက် ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးခြင်းအားဖြင့် အဖွဲ့ဝင်များအကြား ဆက်စပ်နေသည့် ပထဝီအနေအထား၊ ပေါများသည့် သယံဇာတနှင့် လူ့စွမ်းအားအရင်းအမြစ်များ၊ သမိုင်းကြောင်းဆက်သွယ်မှုနှင့် ကြွယ်ဝသည့် ယဉ်ကျေးမှုအမွေ အနှစ်များသည် ဒေသတွင်း အဓိကကျသည့် ပူးပေါင်းဆောင်ရွက်မှုကြောင့် အလားအလာကောင်းများရှိလာမည် ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာအကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာကဏ္ဍ၊ သဘာ၀ဘေးအန္တရာယ်နှင့် ရာသီဥတု ပြောင်းလဲမှု၊ ကူးစက်ရောဂါတိုက်ဖျက်ရေးတို့ကိုလည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။

 

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်းက ဘင်းမ် စတက်အစီအစဉ်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နှင့် ဘေးအန္တရာယ်၊ ပြည်သူ့ကျန်းမာရေး၊ လူအချင်းချင်း ဆက်ဆံရေး၊ ဆင်းရဲမှုပပျောက်ရေး၊ အကြမ်းဖက်မှုနှင့် နယ်စည်းဖြတ်ကျော် ရာဇဝတ်မှု၊ ရာသီဥတုပြောင်းလဲမှု ကိစ္စရပ်များ ပါဝင်ပါကြောင်း၊ ဘင်းမ်စတက် အစီအစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှုများသည် နိုင်ငံအသီးသီး၏ အချုပ်အချာအာဏာ၊ နယ်နိမိတ်ပိုင်းခြားမှု၊ ပြည်တွင်းရေးတွင် မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန်အကျိုးပြုမှု အခြေခံများအပေါ်တွင် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ယင်းအကြောင်းအချက်များအရ မြန်မာနိုင်ငံအနေဖြင့်  ပါဝင်လက်မှတ်ရေးထိုးရေးကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ဆက်လက်၍ အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်တို့က ဆက်လက်ဆွေးနွေးကြသည်။


ယင်းကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ယနေ့အဆိုပြုတင်ပြသည့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ သဘာတူညီမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုးရန် အဆင့်သင့်ဖြစ်ကြောင်း ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရုံးသို့ အကြောင်းကြားစာ ပေးပို့သွားရမည်ဖြစ်ပါကြောင်း။

 

လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် သီရိလင်္ကာနိုင်ငံမှ ခေါ်ယူကျင်းပမည့် ပဥ္စမအကြိမ်မြောက် ဘင်းမ် စတက် ထိပ်သီးအစည်းအဝေးတွင် အခြားအဖွဲ့ဝင်နိုင်ငံ များနည်းတူ ပါဝင်လက်မှတ် ရေးထိုးရမည်ဖြစ်ပါကြောင်း၊ လက်မှတ်ရေးထိုးပြီးသည့် အခါတွင် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ပဋိညာဉ်စာတမ်းကို အပြီးသတ် အတည်ပြုခြင်း ပြုလုပ်ရန်အတွက် ပြည်တွင်း လုပ်ငန်းစဉ်များဆောင်ရွက်ပြီး ဘင်းမ်စတက်အတွင်းရေး မှူးချုပ်ရုံးသို့ အပြီးသတ်အတည်ပြုလွာ ပေးပို့သွားကြရမည်ဖြစ်ပါကြောင်း၊ ဘင်းမ် စတက်အတွင်းရေးမှူး ချုပ်ရုံးတွင် အဖွဲ့ဝင်နိုင်ငံအားလုံး၏ အပြီးသတ် အတည်ပြုလွှာ (၇) စောင်စုံညီစွာ လက်ခံရရှိသည့်နေ့မှ  ရက်ပေါင်း ၃၀ ပြည့်မြောက်သည့်နေ့တွင် ပဋိညာဉ်စာတမ်း သည် အသက်ဝင်လာမည်ဖြစ်ပါကြောင်း။

 

ဘင်းမ်စတက်ပဋိညာဉ်စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး အတည်ပြုခြင်းအားဖြင့် ဘင်းမ်စတက်၏ ရည်ရွယ်ချက်နှင့် မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဖွဲ့စည်းမှုပုံစံများ၊ အဖွဲ့ဝင်နိုင်ငံများလိုက်နာရမည့် ကျင့်ဝတ်များနှင့် တာဝန်ဝတ္တရားများကို စည်းကမ်း၊ ဥပဒေနှင့်အညီ ပိုမိုစနစ်တကျ ခိုင်မာစွာကျင့် သုံးသွားနိုင်မည် ဖြစ်သောကြောင့် ဘင်းမ်စတက်၏ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် များအတွက်လည်း ပိုမိုအကျိုးရှိစေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ယင်းအဖွဲ့အစည်းသည် ဥပဒေကြောင်းအရ ဥပဒေဂုဏ် ရှိသည့်အဖွဲ့အစည်းတစ်ရပ်အဖြစ်လည်း ပေါ်ထွန်းလာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းအား မြန်မာနိုင်ငံက လက်မှတ်ရေးထိုး အတည်ပြုရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ သဘောတူ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဘင်းမ်စတက်ပဋိညာဉ် စာတမ်းတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်၏ သဘောထား ရယူအတည်ပြုသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများကို လွှတ်တော်နှစ်ရပ် အတည်ပြုချက်အတိုင်းလည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်များအတိုင်းလည်းကောင်း ပြန်လည်ပြင်ဆင်၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။

 

ထို့နောက် ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း၏ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၏ သဘောထားမေးမြန်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

 

ယင်းနောက် ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

 

ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်းသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို ဩဂုတ် ၂၈ ရက် တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်