ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကျင်းပ

နေပြည်တော် ၂၄ ဇူလိုင်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပဉ္စမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က     စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဌာန ဝန်ကြီးများကို စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီးဝင်းတင်စိုးအားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တွင် ဗိုလ်မှူးကြီး ဝင်းတင့် အားလည်းကောင်း ခန့်အပ် တာဝန်ပေးခြင်းကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

=ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝခု၊ ဘဏ္ဍာနှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြ ရာတွင် အမျိုးသားစီမံကိန်းအပေါ်တွင် ကဏ္ဍအလိုက် အကောင်အထည်ဖော်နိုင်မှု အနေဖြင့် လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍများမှအပ ကျန်ကဏ္ဍများ တွင် တစ်နှစ်လုံးရည်မှန်းချက်အပေါ် ၅၀ ရာခိုင်နှုန်းကျော်နှင့် ၅၀ ရာခိုင်နှုန်းပတ်ဝန်း ကျင်ခန့် အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း၊ ကဏ္ဍအလိုက် စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး တိုးတက်မှုနှုန်းအနေဖြင့် သစ်တောကဏ္ဍမှအပ  ကျန်ကဏ္ဍများ၏ တိုးတက်မှုနှုန်းများသည် အသင့်အတင့်ရရှိသည့် အနေအထားဖြစ်ပါ ကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်နိုင်မှုအနေဖြင့် ပထမ ၆ လပတ်တွင် ချင်းပြည်နယ်မှအပ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စီမံကိန်း ရည်မှန်းချက်အပေါ် ၅၀ ရာခိုင်နှုန်းအထက် အကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် တိုးတက်မှုနှုန်းအနေဖြင့် ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိုးတက်မှု အနည်းငယ်သာရှိသော်လည်း ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ၄ ရာခိုင်နှုန်းနှင့်အထက် တိုးတက်မှုနှုန်းများ ရရှိခဲ့ပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိစေရေးတို့အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင် ရွက်လျက်ရှိပါ ကြောင်းနှင့် COVID – 19 ကြောင့် သက်ရောက်မှု နည်းပါးစေရေးအတွက် COVID – 19 စီးပွားရေးကုစားမှုအစီအစဉ် ချမှတ်၍ ကြိုးပမ်းလျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ ၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ပထမ ၆ လ ပတ် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြား သည်။

 

ယင်းနောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဦးသန်းစိုး(ခေါ်) သန်းစိုး (ဘောဂဗေဒ) က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၈/၂၀၂၀)ကို ဖတ်ကြားတင်ပြ၍ လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်း သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း ၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄ နည်းဥပဒေခွဲ (ဃ) (င)တို့နှင့် အညီ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ဆွေးနွေးလိုသည့်ဌာန၊ အဖွဲ့အစည်းကို ဖော်ပြ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဩဂုတ် ၄ ရက်တွင် ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၉ - ၂၀၂ဝခု၊ ဘဏ္ဍာနှစ် ပထမ ၆ လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုဌာန အဖွဲ့အစည်းများ၏ ရငွေအပိုင်းတွင် သာမန်ရငွေမှ အခွန်အကောက်ရငွေများ ပိုမိုရရှိခဲ့သဖြင့် လျာထားချက်ကိုပြည့်မီ ကျော်လွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ အခွန်အကောက်ရငွေများ ပိုမိုရရှိခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအခွန် အကောက်ရငွေ တစ်ရပ်လုံး၏ ၈၅ ရာခိုင်နှုန်းခန့်ကို ကောက်ခံပေးရသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေအပေါ် သက်သာသော အခွန်ရာခိုင်နှုန်းဖြင့် အခွန်ထမ်းဆောင်ခွင့် ပြုထားခဲ့သည့် အတွက် မျှော်မှန်းသလောက် ပိုမိုမရရှိသော်လည်း အခွန်ရငွေများ ပိုမိုရရှိလာသည်ကို တွေ့ရှိရပါကြောင်း။

 

သုံးငွေအပိုင်း၊ သာမန်အသုံးစရိတ်တွင် COVID – 19 ရောဂါကြောင့် နိုင်ငံခြား ခရီးသွားလာမှုများ၊ အစည်းအဝေးပွဲများနှင့် သင်တန်းတက်ရောက်ရမှုများ နည်းပါးခြင်းများကြောင့် လျာထားချက်ပြည့်မီရန် အနည်းငယ်လိုအပ်ခဲ့ပါကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင်  ပြည်ပအကူအညီရငွေ၊ ချေးယူရငွေဖြင့် သုံးစွဲခဲ့သည့် အသုံးစရိတ်များကို သုံးစွဲနိုင်မှု မရှိသေးခြင်းနှင့် တည်ဆောက်ရေး၊ ရုံးသုံးစက်ကိရိယာ၊ ရုံးသုံးပရိဘောဂ ဝယ်ယူရေးလုပ်ငန်းများသည် တင်ဒါခေါ်ယူဆောင်ရွက်နေဆဲဖြစ်ခြင်း၊ COVID – 19 ကပ်ရောဂါကြောင့် တည်ဆောက်ရေးလုပ်ငန်းများ၊ ဝယ်ယူရေးလုပ်ငန်းစဉ်များ ကြန့်ကြာမှု ရှိနေခြင်းတို့ကြောင့် လျာထားချက် မပြည့်မီရခြင်း ဖြစ်ပါကြောင်း၊ တင်ဒါလုပ်ငန်းစဉ်များကို ဘဏ္ဍာရေးနှစ်၏ ပထမ(၃)လအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

 

ယခုတင်ပြခဲ့သည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်ပထမ ၆ လပတ်ရငွေနှင့် သုံးငွေ အကောင်အထည်ဖော်နိုင်မှု အခြေအနေများသည် အောက်တိုဘာလမှ မတ်လအထိ ယာယီအမှန် အရအသုံးစာရင်းများသာ ဖြစ်ပါကြောင်း၊ ပြည်ထောင်စု၏ ဘဏ္ဍငွေအရ အသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ပါ ပြဋ္ဌာန်းချက်နှင့်အညီ တင်ပြလာသည့် ၂၀၁၉ - ၂၀၂ဝခု၊ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေး သုံးသပ်နိုင်ပါရန်နှင့် အတည်ပြုမှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးကျော်တင့် က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ် ချက်အစီရင်ခံစာ (၉/၂၀၂၀)ကို ဖတ်ကြားတင်ပြ၍ လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄ နည်းဥပဒေခွဲ (ဃ) (င) တို့နှင့်အညီ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက ဆွေးနွေးလိုသည့်ဌာန၊ အဖွဲ့အစည်းကို ဖော်ပြ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဩဂုတ် ၄ရက် တွင်ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ (၁၀/၂၀၂၀)ကို ဖတ်ကြားတင်ပြ၍ လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄ နည်းဥပဒေခွဲ (ဃ) (င) တို့နှင့်အညီ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်းတင် သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၉ ရက် တွင်ဆွေးနွေးရန် လျာထားပါကြောင်း ကြေညာ သည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်မြို့တော်ရေဖူလုံ ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှအမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြန်လည်ရှင်းလင်းဆွေးနွေး သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့် အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံနှင့် နီကာရာဂွါ သမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ်ထူထောင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေနှင့် ပန်း တောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ် တို့က ဆွေးနွေးကြသည်။

 

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင် က ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အလုပ်အကိုင်လောက တွင် အကြမ်းဖက်မှုနှင့် နှောင့်ယှက်မှုပပျောက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် - ၁၉၀ (၂၀၁၉) နှင့် တိုက်တွန်းချက်အမှတ် - ၂၀၆ (၂၀၁၉)တို့ကို မှတ်တမ်းတင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေ စိန်လတ် က ယခု ပြဋ္ဌာန်းချက်နှင့် တိုက်တွန်းချက်တို့သည် ၂၀၁၉ခုနှစ်၊ ဇွန်လတွင် ကျင်းပသည့် ၁၀၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ညီလာခံတွင် အတည်ပြုချမှတ်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း သဘောတူခဲ့ပါကြောင်း၊ လုပ်ငန်းခွင်တွင် အကြမ်းဖက်မှုနှင့် ထိပါးနှောင့်ယှက်မှုများအတွက် ထုတ်ပြန်သည့် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းသဘောတူညီချက် ဖြစ်ပြီး ဖြစ်နိုင်ချေရှိသော အပြည်ပြည်ဆိုင်ရာ အလုပ်သမားစံချိန်စံညွှန်းများ ဖြစ်ပေါ်ရေးရည်မှန်းချက်နှင့် အဆိုပြုထားသည့် စာချုပ်စာတမ်း ဖြစ်ပါကြောင်း၊ ထို့ပြင် လူတိုင်းလူတိုင်း အကြမ်းဖက်မှုနှင့် ထိပါး နှောင့်ယှက်မှုကင်းသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နိုင်ခွင့်ရှိရမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် စာချုပ်ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည့်အတွက် လေးနက်စွာ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်မှ ဦးစောတင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၊ ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး နှင့်ဝက်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်း တို့က ဆက်လက်ဆွေးနွေးကြ သည်။

 

အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ၁၀၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၌ အတည်ပြုချမှတ်ခဲ့သည့် အလုပ်အကိုင်လောက တွင် အကြမ်းဖက်မှုနှင့် နှောင့်ယှက်မှုပပျောက်ရေး ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် - ၁၉၀ (၂၀၁၉) နှင့် တိုက်တွန်းချက်အမှတ် - ၂၀၆ (၂၀၁၉) တို့ကို ILO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှုအနေဖြင့် ပြည်ထောင်စုလွှတ်တော်က မှတ်တမ်း တင်ပေးနိုင်ပါရန် တင်ပြအပ်ပါ ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အလုပ်အကိုင်လောကတွင် အကြမ်းဖက်မှုနှင့် နှောင့်ယှက်မှုပပျောက် ရေးဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် - ၁၉၀ (၂၀၁၉) နှင့် တိုက်တွန်းချက်အမှတ် - ၂၀၆ (၂၀၁၉) တို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်၏ ပြန်လည် ရှင်းလင်းတင်ပြ ချက်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အား ရရှိမှု မြှင့်တင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အာရှဖွံ့ဖြိုး ရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်းက မြန်မာနိုင်ငံအနေဖြင့် ချေးငွေကို တချိန်ချိန်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည့်အတွက် အလေအလွင့် မရှိစေရေး သက်ဆိုင်ရာဌာနအနေဖြင့် အနီးကပ် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ပကြွေးမြီကို ပြန်လည်ပေးဆပ်ရာတွင် ငွေလွှဲနှုန်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆုံးရှုံးနိုင်ချေများကိုလည်း သတိထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော်၏ ကြွေးမြီဝန်ထုတ်ဝန်ပိုး တစ်နှစ်ထက်တစ်နှစ် ပိုမိုလာမည်ကို ရှောင်ရှားနိုင်ရန်အတွက် လိုငွေနှင့် ဂျီဒီပီ အချိုးကို ၅ ရာခိုင်နှုန်းထက် ကျော်လွန်မှု မရှိစေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့်  ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိမှု မြှင့်တင်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်  အာရှဖွံ့ဖြိုးဘဏ်မှ ချေးငွေရယူရေးကိစ္စကို သဘောတူ ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်က ကျေးလက်ဒေသများအတွက် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ရရှိရန် ဖြန့်ဖြူးပေးမည့်စီမံကိန်း ဖြစ်သည့်အတွက် ကြိုဆိုထောက်ခံပါကြောင်း၊ ယခုစီမံကိန်းအတွက် ချေးငွေဆိုင်ရာစည်းကမ်းချက်များ အနေဖြင့် သက်သာသော ချေးငွေအမျိုးအစားဖြစ်ကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်မီးနှင့်ပတ်သက်၍ မြို့ပေါ်တွင်လည်း လုံလောက်မှု မပေးနိုင် သေးပါကြောင်း၊ ကျေးလက်ဒေသတွင်လည်း မီးမရသည့် ကျေးရွာများလည်း များစွာ ကျန်ရှိနေသေးပါကြောင်း၊ မိမိတို့သည် လျှပ်စစ်ကဏ္ဍကို မလွဲမသွေမြှင့်တင် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲခွင့်ရရှိရေးအတွက် နိုင်ငံတော်အစိုးရ အနေဖြင့်လာမည် ၂၀၂၇ ခုနှစ်အပြီး တစ်နိုင်ငံလုံး လျှပ်စစ်မီး တပြေးညီသုံးစွဲခွင့်ရရှိစေရန် အထူးကြိုးပမ်းဆောင် ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

 

ယင်းချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ ဆိပ်ဖြူမဲဆန္ဒနယ်မှဦးအောင်သိုက်၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ပုလော မဲဆန္ဒနယ်မှ ဦးအုန်းခင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး မင်းဇာနည်ထွေး၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်မျိုးကျော်၊ ချောက်မဲဆန္ဒ နယ်မှဦးဘိုကြီးနှင့် စေတုတ္ထရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင် တို့က ဆက်လက်ဆွေး နွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇူလိုင်၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်