ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပ

နေပြည်တော် ၁၂ ဇွန် 

 

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

ယနေ့ အစည်းအဝေးတွင်  နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်  ဥပဒေကြမ်းနှင့် လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေကြမ်းတို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ အခွန်အယူခံ ခုံအဖွဲ့ ဥပဒေကြမ်းနှင့် အစီရင် ခံစာတစ်ခုအား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြသည်။

 

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ထားသော နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်ကို အခြေခံပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။

 

 

ယင်းနောက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော အခွန်အယူခံခုံအဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။ 

 

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက အခွန်အကောက် ဆိုသည်မှာ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ ပြည်ထောင်စု အစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနှင့် ဒဏ်ကြေးငွေများကို ဆိုသည့်စကားရပ်တွင် ပြည်ထောင်စု အခွန်အကောက် ဥပဒေနောက်ဆက်တွဲဇယားပါ အခွန်အကောက် အားလုံးနှင့် အကောက်အခွန်တို့တွင် ပါဝင်သည့်ဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင် ရှိစေကာမူ အခွန်အကောက်နှင့် စပ်လျဉ်းသည့် အယူခံ ကိစ္စရပ်များကို  ယခုဥပဒေအရ ဆောင်ရွက်ရမည်၊ ယင်းသို့ ဆောင်ရွက်ရာတွင် ခုံအဖွဲ့သည် အခွန်အကောက်ဆိုင်ရာ အယူခံခြင်းနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်ဟု ဖော်ညွှန်းထားသည့် အပြင် အခွန်အကောက်နှင့် စပ်လျဉ်းသည့် အယူခံကိစ္စရပ်များ အခွန်အကောက်ဆိုင်ရာ အယူခံခြင်းနှင့် သက်ဆိုင်သည့် နည်းဥပဒေဟု ဆိုထားသည့်အတွက် ယခုဥပဒေ၏ ခေါင်းစဉ်နှင့် အမည်ကို အခွန်အကောက် အယူခံခုံအဖွဲ့ဥပဒေဟု အစားထိုး ပြင်ဆင်သင့်ပါကြောင်း ဆွေးနွေးသည်။

 

 

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းက ဥပဒေတွင် အဖွဲ့၏ သက်တမ်းကို ၅ နှစ်အစား ၃ နှစ်ဟု ပြင်ဆင်လိုပါကြောင်း၊ ယင်းမှာ အစိုးရအကူးအပြောင်းတွင် ပြင်ဆင် စရာရှိပါက ပြင်ဆင်နိုင်ရန် သက်တမ်းကုန်သည်အထိ စောင့်စရာ မလိုစေရန်အတွက် ဖြစ်ပါကြောင်း၊ တစ်လတစ်ခါ အဖွဲ့ဝင်များအားလုံး ပါဝင်သည့် စုံခုံအစည်းအဝေး ကျင်းပရမည်ဟု ဖြည့်စွက်လိုပါကြောင်း၊ အမှုတွဲ လေ့လာသုံးသပ်ပြီး ကြားနာမည့် ရက်၊ အချိန် နေရာခုံအဖွဲ့ကို ရက် ၃၀ အတွင်း သတ်မှတ်ရမည်ဟု ဖြည့်စွက်လိုပါကြောင်း၊ အမှုကို စတင်ကြားနာသည့်နေမှ ရက်ပေါင်း (၁၈၀)အတွင်း အပြီးသတ် စီရင်ချက်ချမှတ် ရမည်ဆိုသည့်အချက်ကို ထည့်သွင်းလိုပါကြောင်း၊ ကြားနာမှု အားလုံးကို ဗွီဒီယိုနှင့် မှတ်တမ်း တင်ထားလိုသည်ဆိုသည့် အချက်ကိုလည်း ဖြည့်စွက်လိုပါကြောင်း၊ အမှု ဆုံးဖြတ်ချက်ချမည့် ရက်ကိုလည်း အနည်းဆုံး ၇ ရက် ကြိုတင်ကြေညာရမည် ဆိုသည့် အချက်ကိုလည်း ထည့်သွင်းလိုပါကြောင်း၊  ထို့ပြင် ဥက္ကဋ္ဌသည်    အခွန်နှစ် (၁)နှစ်ပြီးဆုံးသည့် အခါတိုင်း လုပ်ဆောင်ကြားနာခဲ့သည့် အမှုများနှင့် ပတ်သက်ပြီး ရက်ပေါင်း (၉၀)အတွင်း အစိုးရအဖွဲ့သို့ တင်ပြပြီး၊ ထိုမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရမည့် ဖြစ်ပါကြောင်း၊ ယင်းနောက် ထိုအစီရင်ခံစာကို ထုတ်ပြန်ကြေညာပြီး အွန်လိုင်း စာမျက်နှာတွင်ပါ ဖော်ပြရမည်ဆိုသည့် အချက်ကို ဖြည့်စွက်သင့်ပါကြောင်း ဆွေးနွေးသည်။

 

 

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍  တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးကလည်း ဆွေးနွေးခဲ့သည်။

 

 

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များထဲတွင် ပြင်ဆင်ချက်များနှင့် အသစ် ဖြည့်စွက်ချက်များ ပါဝင်နေသည့်အတွက် ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေဖြင့် လိုအပ်ပါက ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အပါအဝင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ထပ်မံဆွေးနွေးကာ ပိုမိုကောင်းမွန်သည့် ပြင်ဆင်ချက်များ ရရှိနိုင်အောင် ညှိနှိုင်း ဆောင်ရွက်ကြပြီး ဥပဒေကြမ်းကော်မတီက လိုအပ်ပါက ထပ်မံရှင်းလင်းတင်ပြခြင်း၊ တစ်ပုဒ်ချင်းစီအလိုက် အတည်ပြုခြင်းကို လာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ရန်လျာထားကြောင်း ကြေညာသည်။

 

 

ဆက်လက်၍ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်၏ ၆ လတာ (၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ) ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

 

ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်က ကမ္ဘာပေါ်တွင် လူသား အရင်းအမြစ်ကို အခြေပြုသည့် ဖွံ့ဖြိုးတိုးတက်ခြင်းမှာ ရေရှည်တည်တံ့ခိုင်မြဲပြီး အစဉ်ပြောင်းလဲနေသည့်  ပြင်ပပတ်ဝန်းကျင်၏ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိသည်ကို တွေ့ရပါကြောင်း၊ အလားတူ မိမိတို့ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးမှုနှင့် ခံနိုင်ရည်ရှိသည့် လူ့ဘောင် အသိုင်းအဝိုင်းတစ်ရပ် တည်ထောင်ရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရန် အရေးတကြီး လိုအပ်နေကြောင်း။

 

 

ပညာရေးစနစ်တခုတွင်  အခြေခံပညာ၊ အဆင့်မြင့်ပညာများ အရေးကြီး သကဲ့သို့ ကျွမ်းကျင်ပြီး ထုတ်လုပ်အားကောင်းသည့် လုပ်သားထုရှိရန် နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေး ကဏ္ဍမှာလည်း   အရေးကြီးသည်ကို တွေ့ရှိရပါကြောင်း။

 

 

အမျိုးသား ပညာရေးကော်မရှင်က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ကဏ္ဍ ဖွံ့ဖြိုးလာအောင် ပညာရေးဝန်ကြီးဌာနအား ရွေးချယ်ဆောင်ရွက်နိုင်မည့် မူဝါဒဆိုင်ရာ နည်းလမ်း (၄)ရပ်ကို အကြံပြုထားပါကြောင်း။

 

 

နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ပုဂ္ဂလိကကျောင်းများ အစွမ်းကုန် ပါဝင်လာနိုင်ရန် အစိုးရမှ မူဝါဒချမှတ်ပြီး မြေထောင်မြှောက်သင့်ပါကြောင်း။ နည်းပညာနှင့် သက်မွေးပညာရပ်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးရန် အစဉ်သဖြင့် ပြောင်းလဲနေသည့် လုပ်ငန်းခွင် လိုအပ်ချက်၊ ပြင်ပပတ်ဝန်းကျင်တို့နှင့် လိုက်လျောညီထွေရှိရန် လိုအပ်ပါ ကြောင်း။

 

 

နည်းပညာနှင့် သက်မွေးပညာ မူဝါဒများချမှတ်ရာတွင် အကျူံးဝင် သက်ဆိုင် ကြသည့် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်ရှင် အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများ၊ ပုဂ္ဂလိက သင်တန်းကျောင်းများနှင့် အဖွဲ့အစည်းများ၊ လုပ်ငန်းခွင်မှ ကျွမ်းကျင်ပညာရှင်များ၊ တက္ကသိုလ်များမှ ဆရာဆရာမများအားလုံး ပါဝင်စေသင့်ပါ ကြောင်း။

 

 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးရန် ပညာရေးဝန်ကြီးဌာန အောက်မှ သင်တန်းကျောင်းများကိုသာ အာရုံစိုက်ခြင်းထက် အခြားဝန်ကြီးဌာန အသီးသီး အောက်တွင် တည်ရှိသည့် အမျိုးမျိုးသော နည်းပညာနှင့် သက်မွေးပညာ သင်တန်းကျောင်းများ အားလုံးကိုပါ ပြန်လည်ရှင်သန်လာအောင် ကျောင်းများ၏ မြေ၊ ကျောင်းအဆောက်အအုံကို အရင်းအနှီးပြုပြီး ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ကျောင်းများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သင့်ပါကြောင်း။

 

 

ထို့အပြင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာဆိုင်ရာ သင်ရိုးညွှန်းတမ်း၊ ကျွမ်းကျင်မှု လက်မှတ်ချီးမြှင့်ခြင်းနှင့် အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်များကို အနည်းဆုံး ဒေသတွင်းစံများနှင့် ပြည်မီစေခြင်းအားဖြင့် ASEAN MRA တွင် ပါဝင်သည့် အာဆီယံ နိုင်ငံအချင်းချင်း ချုပ်ဆိုထားသည့် ကျွမ်းကျင်မှုဆိုင်ရာ အပြန်အလှန် အသိအမှတ်ပြုခြင်း အစီအစဉ်များနှင့် ကိုက်ညီစေခြင်းသည် လူငယ်ထုအတွက် နည်းပညာနှင့် သက်မွေးပညာ သင်ကြားရန် တွန်းအားတခု ဖြစ်စေမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

 

 

အောင်မြေသာဇံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်၏ ဆောင်ရွက်ချက်များကို ကြည့်ပါက ပါမောက္ခချုပ် ကော်မတီဖွဲ့စည်းခြင်း၊ အခြေခံ အထက်တန်းကျောင်းအဆင့်တွင် သင်္ချာနှင့် သိပ္ပံဘာသာရပ်များအတွက် သင်ကြားမှု ဘာသာစကား သတ်မှတ်အသုံးပြုနိုင်ရေး မူဝါဒ၊ အခြေခံပညာ သင်ယူမှု အခြေအနေ လေ့လာဆန်းစစ်ချက်၊ အခြေခံပညာ ကျောင်းများတွင် သက်မွေးပညာ ဘာသာရပ်များကို သင်ကြားပို့ချရေးဆိုင်ရာ မူဝါဒ အကြံပြုစာတမ်း၊ စိုက်ပျိုးရေး သိပ္ပံဘွဲ့ရများ ပိုမိုမွေးထုတ်ပေးရေးအတွက် အကြံပြုစာတမ်း၊ အဆင့်မြင့် ပညာကဏ္ဍတွင် ပညာရေးဝန်ကြီးဌာန အောက်တွင်ရှိသော အဆင့်မြင့် ပညာကျောင်းများရှိ ဆရာ၊ ဆရာမများ ကျောင်းရွှေ့ ပြောင်းတာဝန်ထမ်းဆောင်ခြင်း သုတေသနစာတမ်း၊ တက္ကသိုလ် စာကြည့်တိုက်များ အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အကြံပြုတင်ပြခြင်းနှင့် သုတေသနလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ ရေးဆွဲခြင်းစသည့် လုပ်ငန်းစဉ် ၇ ရပ်ကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ဖော်ပြပါရှိပါကြောင်း။

 

 

ကော်မရှင်၏ အကြံပြုချက်များထဲမှ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင် စိုက်ပျိုးရေး မဟာဌာနကြီးများ ဖွင့်လှစ်သင်ကြားပို့ချခြင်း ဆိုသည့်အချက်ကို အမြန်ဆုံး အကောင်အထည်ဖော် သင့်ပါကြောင်း၊ ကော်မရှင်အား အကြံပြုတင်ပြလိုသည်မှာ နိုင်ငံ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ တိုင်းပြည်ကို အရှိန်အဟုန်မပျက် နိုင်ငံတကာနှင့် စီးပွားရေးအရ ရင်ဘောင်တန်းနိုင်စေရန် စီးပွားရေး ပညာဘွဲ့ရများ အမြောက်အမြား လိုအပ်နေပါကြောင်း၊ သို့ဖြစ်၍ အခြေခံ အဆောက်အဦများနှင့် ပြည့်စုံသော မန္တလေးနှင့် ရန်ကုန် တက္ကသိုလ်ကြီးတို့တွင် စီးပွားရေးပညာ မဟာဌာနကြီးများ ဖွင့်လှစ်သင်ကြား နိုင်စေရန်အတွက် လေ့လာသုံးသပ် အကြံပြုတင်ပြပေးစေလိုကြောင်း ဆွေးနွေးသည်။

 

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်နိုင်၊ မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ကံမ မဲဆန္ဒနယ်မှ ဦးစိန်ဟန်၊ ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်နှင့် ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှဒေါက်တာတင်တင်ဝင်းတို့က ဆွေးနွေးကြသည်။ 

 

 

မျိုးမြင့်၊ မွှေးကြူဇင်(သတင်းစဉ်)