ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး စတင်ကျင်းပ

နေပြည်တော်  ၂၃  ဇူလိုင် 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့စတင်ကျင်းပသည့် နဝမပုံမှန်အစည်းအဝေး ကာလတွင် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်၏ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း တို့နှင့်စပ်လျဉ်းပြီး ဆွေးနွေးအတည်ပြုခြင်းများကို ဦးစားပေးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြလာသည့် စီမံကိန်းများကို စိစစ်ရာတွင် ပြည်သူများအတွက် လက်ငင်းနှင့် ရေရှည်အကျိုးခံစားရရန်၊ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု မရှိအောင် စီမံခန့်ခွဲနိုင်ရန် တို့ကို ရည်မှန်းချက်ထားပြီး လေ့လာစိစစ် အတည်ပြုပေးကြရမည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး စီမံကိန်းများ အကောင် အထည်ဖော်နိုင်ရန်အတွက် လျာထားသည့် ရငွေသုံးငွေများအပိုင်းကို စိစစ်ရာတွင်လည်း လျာထားဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၏ လက်တွေ့အခြေအနေနှင့် ညီညွှတ်မျှတမှု ရှိ၊ မရှိ စိစစ်ဆွေးနွေးပြီး အချိန်မီ အတည်ပြုပေးနိုင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်နှင့် ပြည်သူများအတွက် လတ်တလော လိုအပ်ချက်နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ကြရမည့် စီမံကိန်းလုပ်ငန်းများကို စိစစ်ရာတွင် ချမှတ်ထားသည့် မူဝါဒကို အခြေခံပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ စိစစ်ကြရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ စီမံကိန်းလုပ်ငန်း ပမာဏအလိုက် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား သက်ဆိုင် သည့် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများက တာဝန်ရှိသူများနှင့် မိမိတို့၏ ပြည်သူ့ ကိုယ်စားလှယ်များက သေသေချာချာ ဆွေးနွေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်းများ၏ ကဏ္ဍအလိုက် ရည်မှန်းချက်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဘက်စုံမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့ကိုလည်း အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်းကို ဖြည့်စွက်မှာကြားလိုပါကြောင်း။

မကြာခင်ရက်ပိုင်းအတွင်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းကာလ လပေါင်း ၃၀ ပြည့်မြောက်မည် ဖြစ်ပါကြောင်း၊ လွှတ်တော်သက်တမ်းကာလ ထက်ဝက်ပြည့် သည်နှင့်အတူ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယက တာဝန်များကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ လွှဲပြောင်းတာဝန်ထမ်းဆောင်ကြရမည် ဖြစ်သည့်အတွက် နဝမပုံမှန် အစည်းအဝေးသည် သာမန်ထက် ထူးခြားသော အစည်းအဝေးကာလ တစ်ခုဟု သတ်မှတ်ပြောကြားလိုပါကြောင်း။

ပြည်သူများကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ယခင်ပုံမှန် အစည်းအဝေးကာလများထက် ပိုမိုများပြားသော လုပ်ငန်းတာဝန်များကို ကြုံတွေ့ကြရမည် ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းတာဝန်များကို အချိန်မီနှင့် အောင်မြင်စွာ ပြီးမြောက်နိုင်ရန် အလုပ်၏ အရေးကြီးမှုအပေါ် မူတည်ပြီး အချိန်ကို အကျိုးရှိသထက် ရှိအောင် စနစ်တကျစီမံ အသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းပြီး ပြည်သူ့ဘဏ္ဍာငွေများကို အကျိုးရှိရှိ အသုံးပြုနိုင်ရန်အတွက် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ သုံးသပ်ဆောင်ရွက်သွားကြပါဟု တိုက်တွန်းမှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်းကို လွှတ်တော် က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာမြလေးစိန် နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးလှဦး တို့ကို ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသည့် ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီး တို့အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်း ခြင်း၊ အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယင်းနောက် ၂၀၁၈ - ၂၀၁၉ ခုနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်း ရေးဆွဲရာတွင် လက်ရှိဖြစ်ပေါ်နေသည့် လူမှုစီးပွားဆိုင်ရာ စိန်ခေါ်မှုများကို လျော့ချကုစားနိုင် ရေး၊ နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် လူမှုစီးပွား အခက်အခဲများ၏ အကျိုးသက်ရောက်မှုကို အနည်းဆုံးဖြစ်အောင် ကာကွယ်ကုစားနိုင်ရေး၊ ပကတိအခြေအနေနှင့် ညီညွတ်သည့် ဦးစားပေး လုပ်ငန်း၊ ဒေသနှင့်ဆောင်ရွက်မည့် အကြောင်းအရာများ ဖော်ထုတ်ချမှတ်ကျင့်သုံးနိုင်ရေး၊ ပုဂ္ဂလိကပိုင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်ရေး တို့ကို အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း။

ထို့အပြင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲရာတွင် အခြေခံမူအဖြစ် နိုင်ငံတော် ၏ စီးပွားရေး မူဝါဒများ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ နှင့်ညီညွတ်စေခြင်း၊ ရေရှည်တည်တံ့ ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် ချိတ်ဆက် အကောင်အထည်ဖော်နိုင်ခြင်း၊ အများပြည်သူ အကျိုးဖြစ် ထွန်းမှုအပေါ် အခြေခံခြင်း၊ စီးပွားရေးအရ ထိရောက်စွာ အကျိုးဖြစ်ထွန်းနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းနိုင်ခြင်း၊ ပို့ကုန်တိုးတက်ခြင်းနှင့် သွင်းကုန်အစားထိုးနိုင်ခြင်း၊ စီမံကိန်း ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ အစီအစဉ်ကျနခြင်းနှင့် ရှေ့နောက်ညီညွတ်မှုရှိခြင်း၊ စီမံကိန်း ရည်မှန်းချက်ရေးဆွဲခြင်း၊ လုပ်ငန်းစဉ်များအကောင်အထည်ဖော်ခြင်းကိစ္စရပ်များ အတွက် လိုအပ်သော လူသားအရင်းအမြစ်၊ နည်းပညာနှင့် ဘဏ္ဍာရေး အရင်းအမြစ်များ  ရရှိဖြည့်ဆည်း နိုင်မှုနှင့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှု ရှိ/မရှိ တို့ကို စိစစ်ဆောင်ရွက် ခဲ့ပါကြောင်း။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက်၊ ဒေသအလိုက် လတ်တလော ဖြည့်ဆည်းပေးရန် လိုအပ်ချက်နှင့် အဆိုပါကာလအတွင်း ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်လုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်းများ၊ နိုင်ငံတော်၏ အထူး လိုအပ်ချက်အရ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းစီမံကိန်းများကို နိုင်ငံတော်၏ ခွင့်ပြု နိုင်မည့် ဘတ်ဂျက် ပမာဏအတွင်း အထိရောက်ဆုံးနှင့် အကျိုးအရှိဆုံး ဖြစ်စေရေးအတွက် ပေါင်းစပ်ရေးဆွဲထားပါကြောင်း။ 

ပြည်ထောင်စု၏ ရည်မှန်းထားသော တိုးတက်မှုနှုန်းမှာ ၇ ဒသမ ၆ ရာခိုင်နှုန်းဖြစ်ပြီး စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးမှာ ပုံမှန်ဈေးနှုန်းအရ ကျပ်ဘီလီယံ ၉၀၂၆၉ ဒသမ ၉၉ ဖြစ်ပါကြောင်း၊ နှစ်အလိုက်တန်ဖိုးအရ တစ်ဦးကျထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (Per Capita GDP) မှာ ကျပ် ၁၉၇၈၄၈၆ ရရှိရန် ရည်မှန်းထားပါကြောင်း။

နှစ်အလိုက်ဈေးနှုန်းအရ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ  နိုင်ငံပိုင်အခန်းက ကျပ် ၈၄၇၆ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်၊ ပြည်ပပို့ကုန်ကို ကျပ် ၂၀၈၀၈ ဒသမ ဝ ဘီလီယံ တင်ပို့ရန်၊ ပြည်ပ သွင်းကုန်ကို  ကျပ် ၂၁၄၈၈ ဒသမ ဝ ဘီလီယံ တင်သွင်းရန်၊ စုစုပေါင်းပြည်ပကုန်သွယ်မှုတန်ဖိုး ကျပ် ၄၂၂၉၆ ဒသမ ဝ ဘီလီယံ ရရှိစေရန် ရည်မှန်းထားရှိပါကြောင်း တင်ပြသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသည့် အခွန်အယူခံခုံအဖွဲ့ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍  ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီဝင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်က လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။

ယင်းနောက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက လွှတ်တော်သို့ ရှင်းလင်း တင်ပြသည်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးတွင် နှစ်အလိုက် ဈေးနှုန်းများအရ လယ်ယာ ကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၂၁ ဒသမ ၉၀ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၇ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၄၀ ဒသမ ၈၃ ရာခိုင်နှုန်း အသီးသီးဖြစ်ပေါ်ရန် ရည်မှန်းထားပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ပျှမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၉၁ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားပါကြောင်း။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်အရ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၀ဝ ဘီလီယံ၊ ပြည်ပ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၀ဝ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁၀ဝ ဘီလီယံနှင့် ကုန်သွယ်မှုလိုငွေကို အမေရိကန်ဒေါ်လာ ၅၀ဝ သန်း သာရှိရန် ရည်မှန်းဆောင်ရွက်မည် ဖြစ်ပါကြောင်း။

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း မျှော်မှန်းချက်နှင့် ငွေကြေးဖောင်းပွမှုနှုန်း ရည်မှန်းချက်များအပေါ်တွင် အခြေခံ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သီးသန့်ငွေတိုးတက်မှုကို ၁၆ ရာခိုင်နှုန်း၊ ငွေကြေးပမာဏတိုးတက်မှုကို ၂၃ ရာခိုင်နှုန်း အသီးသီးရရှိစေရန် ရည်မှန်းချက်ထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ ကိန်းဂဏန်းများအရ သီးသန့်ငွေတိုးတက်မှုနှုန်းမှာ ၆ ရာခိုင်နှုန်း၊ စုစုပေါင်းငွေကြေးပမာဏ တိုးတက်မှုနှုန်းမှာ ၁၈ ရာခိုင်နှုန်း ရရှိခဲ့ပါကြောင်း။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုး ၄ ဒသမ ၆၂ ရာခိုင်နှုန်းဖြစ်ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အစိုးရဘတ်ဂျက်လိုငွေအတွက် ဘဏ္ဍာငွေ ဖြည့်ဆည်းမှုကို ဘတ်ဂျက်လိုငွေ၏ ၂၀ ရာခိုင်နှုန်းအတွင်း ဖြည့်ဆည်းရန် ရည်မှန်းဆောင်ရွက်မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးပမာဏကို အကျိုးသက်ရောက်စေသည့် အခြားအချက်များဖြစ်သော နိုင်ငံခြားသုံးငွေရရန်ပိုင်ခွင့်များနှင့် ပြည်တွင်းချေးငွေ တိုးတက်မှုများ ကို ထည့်သွင်းစဉ်းစားလျက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ငွေကြေးပမာဏ ရည်မှန်းချက်ကို သီးသန့်ငွေကြေးပမာဏ တိုးတက်မှုအား ၁၁ ရာခိုင်နှုန်းနှင့် စုစုပေါင်းငွေကြေး ပမာဏ တိုးတက်မှုကို ၂၁ ရာခိုင်နှုန်း ထားရှိ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေကို ဖြည့်ဆည်းပေးရန် အတွက် ယခင်နှစ်ကဲ့သို့ ညွှန်းကိန်း (၆)ခုဖြင့် တွက်ချက်ပြီး မူလထောက်ပံ့ငွေထက် ငွေကျပ် ၈၇ ဘီလီယံ ပိုမိုပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ငွေကျပ် ၁ ဒသမ ၇၉၄ ထရီလီယံ လျာထားပေးခဲ့ပါကြောင်း။

တိုင်းဒေသကြီး/ပြည်နယ်များသို့ ခွဲဝေပေးသော အခွန်ဝေစုနှင့် ပတ်သက်ပြီး နိုင်ငံပိုင် ကဏ္ဍမှ ကောက်ခံရရှိသည့် ငွေကျပ် ၅၄ ဒသမ ၂၅၅ ဘီလီယံကို နှစ်လတ်ဘဏ္ဍာရေး မူဘောင်အရ ညွှန်းကိန်းများဖြင့် တွက်ချက်ခွဲဝေပေးခဲ့ပြီး ပုဂ္ဂလိကကဏ္ဍနှင့် သမဝါယမကဏ္ဍတို့မှ တင်သွင်းသည့် သွင်းကုန်များအပေါ် ကောက်ခံရရှိသော ငွေများမပါ ကုန်သွယ်လုပ်ငန်းခွန်၏ ၁၅ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန်၏ ၁၅ ရာခိုင်နှုန်း၊ ပုဂ္ဂိုလ်တစ်ဦးချင်းထံမှ ဝင်ငွေခွန်၏ ၅ ရာခိုင် နှုန်းနှင့် တံဆိပ်ခေါင်းခွန်၏ ၂ ရာခိုင်နှုန်း တို့ကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကောက်ခံရရှိ သည့်အပေါ် မူတည်၍ ခွဲဝေပေးခဲ့ပါကြောင်း၊ စုစုပေါင်းခွဲဝေပေးသည့် ပမာဏမှာ ငွေကျပ် ၃၃၆ ဒသမ ၉၁၈ ဘီလီယံ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကျပ် ၃၂ ဒသမ ၂၀ဝ ဘီလီယံကိုလည်း ယခင်နှစ်များနည်းတူ လျာထားပေးခဲ့ပါကြောင်း တင်ပြသည်။

 

 

ဆက်လက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း က ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် လုပ်ငန်းစီမံချက်ရေးဆွဲ၍ အသေးစိတ် စီမံချက်များရေးဆွဲနိုင်ရန် ဦးစီးကော်မတီ၊ မူဝါဒဆိုင်ရာလုပ် ငန်းကော်မတီ၊ ဝန်ထမ်းရေးရာလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးကြီးကြပ်မှုလုပ်ငန်း ကော်မတီ၊ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံခွင့်ရှိသည့် ပြစ်မှုများသတ်မှတ်ရေး လုပ်ငန်းကော်မတီ၊ စည်းမျဉ်း စည်းကမ်းများဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများ နှင့်စပ်လျဉ်း၍ ဆင်းရဲနွမ်းပါးသူအဖြစ် မှတ်ယူရ မည့်အချက်များ သတ်မှတ်ရေးလုပ်ငန်း ကော်မတီ၊ ဥပဒေဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းကော်မတီနှင့် ပြည်တွင်း/ ပြည်ပ ဆက်ဆံရေးလုပ်ငန်း ကော်မတီတို့ကို ၂၀၁၈ ခုနှစ် မေ ၁၈ ရက်က ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း ဦးဆောင်သည့်အဖွဲ့ကို ၂၀၁၈ ခုနှစ် မေ ၄ ရက်တွင် နိုင်ငံတော်သမ္မတအိမ်တော်၌ လက်ခံတွေ့ဆုံပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်  ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့သည် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်စေရေးအတွက် အဓိကအကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း လုပ်ငန်း များ ဆောင်ရွက်ရာတွင် စီမံချက်စနစ်တကျ ရေးဆွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း  တင်ပြသည်။

အဆိုပါ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်အဖြစ် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးအား  အစားထိုးခန့်အပ်ရန် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇူလိုင် လ ၂၅ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

သူရဇော်၊ ဓာတ်ပုံ - အေးသန်း(သတင်းစဉ်)