ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ

နေပြည်တော် ၇ သြဂုတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခြင်းနှင့် သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းသို့ ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၂)နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက  ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် အဆိုပါ သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါကြောင်း။

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အရ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)ကို အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၆) ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ စသည်ဖြင့် အစုအဖွဲ့ ၃ ဖွဲ့ အဖွဲ့ဝင် ၄၈ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထိုသို့ဖွဲ့စည်းထားသော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ချမှတ်ပေးထားသည့် အခြေခံလမ်းညွှန်ချက်များ၊ ဆွေးနွေးရမည့် ခေါင်းစဉ်များ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ရရှိလာသော သဘောထားစုစည်းချက်များကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ  တတိယအစည်းအဝေးသို့ အခြေခံမူ အဆိုပြုလွှာများအဖြစ် အဆိုပြု တင်သွင်းခဲ့ပါကြောင်း။

 

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီက အဆိုပြုတင်သွင်းသော အခြေခံမူ အဆိုပြုချက်များအပေါ် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများ အဆင့်ဆင့် ကျင်းပပြုလုပ်ပြီး ရရှိလာသည့် အဆိုပြုချက်များကို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ်  သဘောတူညီမှု ရရှိခဲ့ပါကြောင်း၊ အဆိုပါ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)တွင် နိုင်ငံရေးကဏ္ဍအခြေခံမူ သဘောတူညီချက် (၄)ချက်၊ စီးပွားရေးကဏ္ဍ အခြေခံမူသဘောတူညီချက် (၁)ချက်၊ လူမှုရေးကဏ္ဍ အခြေခံမူသဘောတူညီချက် (၇)ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူသဘောတူညီချက် (၂)ချက် စုစုပေါင်း (၁၄)ချက် ပါဝင်ပါကြောင်း။

 

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အပိုဒ် (၂၀) အပိုဒ်ခွဲ (င)အရ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- (၂၁) ရာစုပင်လုံတတိယပင်လုံ အစည်းအဝေးတွင် အစုအဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက ၂၀၁၈ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် လက်မှတ်ရေး ထိုးခဲ့ကြပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အပိုဒ် (၂၀) အပိုဒ်ခွဲ (စ)တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက် ရယူခြင်းဟုလည်းကောင်း၊ နိုင်ငံရေးဆွေးနွေးမူဆိုင်ရာ မူဘောင် အခန်း(၈) အပိုဒ် (၂၈) တွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများကို လည်းကောင်း၊ ပြည်ထောင်စု သဘောတူစာချုပ် တစ်ရပ်လုံးကို လည်းကောင်း အနီးဆုံး ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက်ရယူရမည် ဟူ၍လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ လုပ်ငန်းလမ်းညွှန် အပိုဒ် (၃) အပိုဒ်ခွဲ (ဈ)တွင် UPDJC သည် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများကို လည်းကောင်း၊ ပြည်ထောင်စု သဘောတူစာချုပ်တစ်ရပ်လုံးကို လည်းကောင်း အနီးဆုံး ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်း၍ အတည်ပြုချက်ရယူ နိုင်ရေးအတွက် ဆောင်ရွက်ရမည်ဟူ၍ လည်းကောင်း ဖော်ပြပါရှိသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် လက်မှတ်ရေးထိုး ရရှိလာသည့် ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း (၂)ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၂)ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့အတွင်းရှိ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် ဧရိယာပြင်ဆင် ဖွဲ့စည်းခြင်းတိို့ကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆ လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာအဖွဲ့များက ပြန်လည်ရှင်း လင်းဆွေးနွေးကြသည်။

 

ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက အစီရင်ခံစာအပေါ်တွင် လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးတင်ပြထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးထားသည်မှာ ဥပဒေအထောက် အကူပြုအဖွဲ့သည် ပြည်သူများကို ဥပဒေဆိုင်ရာ အထောက်အကူပေးရန် ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် မုဒိမ်းမှုကို မိမိတို့ ကူညီသည်ဆိုပါက မိ်မိတို့အဖွဲ့၏ ရည်ရွယ်ချက်များ ပျောက်သွားမည်လား ဆိုသည်ကို စဉ်းစားရမည် ဖြစ်ပါကြောင်း၊ သို့သော် တိတိကျကျပြောနိုင်သည်မှာ မုဒိမ်းမှုကို လိုအပ်သည့် ဥပဒေ အထောက်အကူပေးရုံဖြင့် အဆိုပါအမှုမှာ ပျက်မသွားပါကြောင်း၊ မိမိတို့ အဖွဲ့အနေဖြင့် တရားရုံးမှ ကိုင်တွယ်နေသည့် အမှုကို လွတ်စေ သို့မဟုတ် ကျစေ ဆိုသည့် သဘောဖြင့် ကူညီမည် မဟုတ်ပါကြောင်း၊ ဥပဒေအရ လိုအပ်ချက်များ၊ ဥပဒေတွင်ရှိသည့် အခွင့်အရေးများကို မသိသည့် ပြည်သူများကို သိအောင် အထောက်အကူပေးရန် ဖြစ်ပါကြောင်း။

 

ထို့ပြင် လှိုင်းဘွဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဦးစားပေး အစီအစဉ် ကျင့်သုံးရန် အကြံပြုသွားပါကြောင်း၊ အကြံပြုချက်ကို ကြိုဆိုပါကြောင်း၊ သို့သော် မည်သည့်အကြောင်းအရာကို ချက်ချင်း ဦးစားပေးရမည်ဆိုသည်ကို လုပ်ဆောင်ရန် မလွယ်ကူပါကြောင်း၊ တစ်ပြည်လုံးတွင်ရှိသည့် ရာဇဝတ်မှုများ၏ သတင်းအချက် အလက်အစုံအလင်ရပြီးမှသာ  စဉ်းစားရမည် ဖြစ်ပါကြောင်း၊ အဆိုပါအချက်ကို ထည့်သွင်းစဉ်းစားပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဥပဒေအရ တရားရုံး ရောက်ရှိနေသည့် အမှုများတွင် အာမခံကိစ္စပေါ်သည့်အခါ အာမခံတန်ဖိုးကို စာရွက်စာတမ်းမပြနိုင်၍ အာမခံမရခြင်းများသည် နစ်နာသည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးပါကြောင်း၊ အာမခံရသင့်သည့် အမှုတွင် အာမခံမရပါက နစ်နာသည်မှာ မှန်ပါကြောင်း၊ လွှတ်သင့်၊ မလွှတ်သင့် ဆိုသည့် ကိစ္စရပ်မှာ တရားရုံး၏ စီရင်ပိုင်ခွင့်သာ ဖြစ်သည့်အတွက် တရားရုံးက ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးကြသည်ကို အထူးကျေးဇူးတင်ပါကြောင်း၊ အစီရင်ခံစာကို မှတ်တမ်းတင်ပေးပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး တရားသူကြီး ဦးသာဌေးက ဆက်လက်ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ၆လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ သက်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးတို့၏ ပြန်လည်ရှင်းလင်းတင်ပြချက်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သဘာဝရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်းသို့ ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၈)မှ ဦးမျိုးဝင်းက မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင် Association of Natural Rubber Producing Countries-ANRPC အသင်းသို့ ဝင်မည်ဆိုပါက စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၇၄၅ ဒေါ်လာ ထည့်ဝင်ရမည်ဟု သိရပါကြောင်း၊  ယင်းအသင်းတွင် အဖွဲ့ဝင် ၁၂ နိုင်ငံ၏ ရော်ဘာထုတ်လုပ်မှုအနေဖြင့် တစ်ကမ္ဘာလုံး၏ ၉၀ ရာခိုင်နှုန်း ရှိသောကြောင့် မြန်မာနိုင်ငံအနေဖြင့် ယင်းအသင်းတွင် ပါဝင်ခြင်းသည် ခေတ်နောက်ကျနေသည့် မိမိတို့နိုင်ငံ၏ ရော်ဘာစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချမှု စနစ်အားလုံးသည် ကမ္ဘာနှင့် ချိတ်ဆက်မိမည်ဟု ထင်မြင်မိပါကြောင်း။

 

ယင်းအသင်းသို့ဝင်လိုက်ရုံဖြင့် မြန်မာနိုင်ငံ၏ Rubber Industry  တစ်ခုလုံးကို ချက်ချင်းပြောင်းလဲသွားရန် လုပ်နိုင်မည် မဟုတ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံအနေဖြင့် ရရှိလာမည့် အခွင့်အလမ်းကို အသုံးချပြီး မိမိနိုင်ငံ၏ မဖွံ့ဖြိုးသေးသည့် ရော်ဘာဈေးကွက်ကို  ကမ္ဘာနှင့်ချိတ်ဆက်မိရန် လုပ်နိုင်မည့် နည်းလမ်းကို လက်မှတ်ရေးထိုးမည့် ဝန်ကြီးဌာနအနေဖြင့် ရှာဖွေအသုံးချနိုင်ရန် အရေးကြီးပါကြောင်း၊  မိမိအနေဖြင့် ANRPC အသင်းသို့  ဝင်ရောက်စေလိုပါကြောင်း၊ ရော်ဘာမှ နိုင်ငံခြားငွေ အမြောက်အမြားကို ရှာဖွေရရှိနေသည့် အဖွဲ့ဝင်နိုင်ငံ အစိုးရများ၏  လုပ်နည်းလုပ်ဟန်များကို လေ့လာသင့်ပါကြောင်း၊ နှစ်စဉ်ထည့်ဝင်ရမည့် အသင်းဝင်ကြေးကို မိမိနိုင်ငံ နိုင်ငံခြားဝင်ငွေတိုးရန်အတွက် အကျိုးရှိရှိ အားထုတ်လုပ်ဆောင် ပေးပါရန် တိုက်တွန်းပါကြောင်း ဆွေးနွေးသည်။

 

လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုက  Association of Natural Rubber Producing Countries-ANRPC ဟုခေါ်သည့် အဖွဲ့သည် ရာဘာထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုကိစ္စများ၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ဈေးနှုန်းကောင်းမွန် တည်ငြိမ်ရေး၊ သဘာဝရော်ဘာလုပ်ငန်း ထိခိုက်မှု ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ရည်ရွယ်၍ ဖွဲ့စည်းထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်ခြင်းသည် ရော်ဘာထုတ်လုပ်မှုအထွက်နှုန်း၊ အရည်အသွေး၊ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာ၊ နည်းဗျူဟာ၊ ဈေးကွက်၊ မူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာများတွင် အခွင့်အလမ်းပိုမိုတိုးတက် ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ အသင်းဝင်ရောက်မည်ဆိုပါက အခြေခံအသင်းဝင်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅၀ဝ၀ နှင့် ရော်ဘာထုတ်လုပ်မှု အချိုးအရ အမေရိကန် ဒေါ်လာ ၄၇၄၅ ဒေါ်လာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၇၄၅ ဒေါ်လာ ထည့်ဝင်ရမည်ဖြစ်ပါကြောင်း၊ ယင်းငွေအတွက်  ၂၀၁၈ ခုနှစ် ၆ လ ရသုံးမှန်းခြေ ငွေစာရင်းတွင် ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်းကိုလည်း သိရပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ရော်ဘာကုန်ကြမ်းကို ပြည်တွင်းတွင် ကုန်ချောထုတ်လုပ် နိုင်မည့်စက်ရုံ၊ အလုပ်ရုံများ ရင်းနှီးမြှုပ်နှံနိုင်ရန်၊ ရော်ဘာကုန် ကြမ်းအရည်အသွေး မြင့်မားရေးအတွက် ဆောင်ရွက်ရန်၊ ရော်ဘာကုန်ကြမ်းဈေးကောင်း ရရှိရန်အတွက် ဈေးကွက်ရှာဖွေရန်၊ ရော်ဘာစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်နှင့် အထွက်နှုန်း ကောင်းသည့် ရော်ဘာမျိုးများနှင့် မြေ၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုအခြေအနေ များလေ့လာ၍  သုတေသနပြုရန် စသည်တို့ လိုအပ်မည်ကို တွေ့ရပါကြောင်း၊ သဘာဝ ရော်ဘာထုတ်လုပ်သည့် နိုင်ငံများအသင်းကို ဝင်ရောက်ခြင်းဖြင့် နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများအတွက် အကျိုးရှိနိုင်မည်ဖြစ်ပါကြောင်း၊ အသင်းဝင်ကြေး အမေရိကန်ဒေါ်လာ ၉၇၄၅ ဒေါ်လာ ထည့်ဝင်ရန်အတွက် ကန့်ကွက်ရန်မရှိပါကြောင်းနှင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

အလားတူ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဝါးခယ်မ မဲဆန္ဒနယ်မှ ဦးဇော်သိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၊ ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၊  တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးကင်းရှိန်၊  ချောင်းဆုံမဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၊ ရွှေကူ မဲဆန္ဒနယ်မှ ဦးဇာနည်မင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးနိုင်သီဟ၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း၊ ရေဖြူ မဲဆန္ဒနယ်မှ ဦးသက်နိုင်ဦးနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းတို့က ဆက်လက် ဆွေးနွေးကြသည်။

 

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ယခုဝင်ရောက်မည့် သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်း (Association of Natural Rubber Producing Countries - ANRPC)သည် နိုင်ငံများ၏ အစိုးရများကသာ အသင်းဝင်အဖြစ် ဝင်ရောက်ခွင့်ရှိသည့် အသင်းဖြစ်ပါကြောင်း၊ အသင်းဝင်နိုင်ငံများ၏ ကောင်းမွန်သည့် မူဝါဒ၊ အစီအစဉ်များကို လေ့လာခွင့်ရရှိပြီး မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုအတွက်ရေခံ၊ မြေခံကောင်းများ တည်ရှိနေမှုအပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် လိုအပ်ချက်ရှိ နေဆဲဖြစ်သည့် ရော်ဘာခြံရှင်ငယ်များ၏ ရော်ဘာလုပ်ငန်းတွင် နည်းပညာ၊ သုတေသနနှင့် ဈေးကွက်အလုပ်အကိုင် အခွင့်အလမ်းများ  ဖွံ့ဖြိုးတိုးတက်ရေးကို ယခုထက်ပိုမို ဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း။

 

အသင်းဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စနှင့် ပတ်သက်၍ နှစ်စဉ်ကြေးအတွက် ဘဏ္ဍာငွေကို လျာထားဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၁၈ ခုနှစ်၊ ပထမ (၆)လပတ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားမှု ရှိပါကြောင်း၊ အဆိုပါ လျာထားမှုတွင် နှစ်စဉ်ကြေးအတွက် ဒေါ်လာ ၅၀ဝ၀ ကို နှစ်လုံးပေါက်လျာထားမှု ဖြစ်သော်လည်း အသင်းတည်ရှိရာ နိုင်ငံ၏ ဘဏ္ဍာရေးနှစ်ဖြစ်သည့် ဇန်နဝါရီ၊ ဒီဇင်ဘာလ ဘတ်ဂျက်နှစ်အရ ယခုမိမိတို့ နိုင်ငံသည် ကနဦးအနေဖြင့် စက်တင်ဘာမှ ဒီဇင်ဘာလအထိ လေးလအတွက် ပေးဆောင်ရမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆၆၆ ဒေါ်လာ ဖြစ်ပါကြောင်း၊ အသင်းဝင်ရောက်ရန်အတွက် နှစ်စဉ်ကြေးနှင့် ခွင့်ပြုချက် ရရှိရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ သဘောထားမှတ်ချက်များ ရယူပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးရာမူဝါဒ ကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းသို့ အဆင့်ဆင့် တင်ပြဆောင်ရွက်ပြီးသည့်အလျောက် မြန်မာနိုင်ငံအနေဖြင့် သဘာဝရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) သို့ ဝင်ရောက်ခွင့်ပြုရေးကို ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၁၈) ၏ သဘောတူညီချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူသွားရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

 

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် သဘာဝရော်ဘာထုတ် လုပ်သော နိုင်ငံများအသင်း (ANRPC) သို့ ဝင်ရောက်ခွင့်ပြုရေးနှင့် နှစ်စဉ်ကြေး ထည့်ဝင်ခွင့်ပြုနိုင်ရေး ကိစ္စရပ်အပေါ်ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု၊ ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး သတ္တမနေ့ကို သြဂုတ် ၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်