ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ

နေပြည်တော် ၁၅ သြဂုတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

ယနေ့ အစည်းအဝေးတွင် ဥပဒေကြမ်းတစ်ခု ဆွေးနွေးအတည်ပြုခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်း ချေးယူရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် အစီရင်ခံစာတစ်ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

 

ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက ပုဒ်မ ၃ အပိုဒ်ခွဲက နှင့်ပက်သက်ပြီး အမျိုးသားလွှတ်တော်၏ အဆိုပြုချက်သည် ကျယ်ပြန့်သည့်အတွက် နိုင်ငံလုံးဆိုင်ရာ ကိုယ်စားလှယ်များကို ရွေးချယ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထို့အတွက် နောက်ပိုင်းတွင် အခက်အခဲများ ကြုံတွေ့လာနိုင်ပါကြောင်း၊ သို့ဖြစ်၍ ပုဒ်မ ၃ ကို ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် အတိုင်းထားရှိသင့်ပါကြောင်း ဆွေးနွေးသည်။

 

ထို့အတူ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာ အားကာမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကြည်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခေါ်) ဦးမောင်စိုး၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးစိုင်းလုံစံခတ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုးနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းတို့က ဥပဒေနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ အတည်ပြုချက်များအပေါ် စကားရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်း ပြောကြားကြသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ယခုချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများကို မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဇုန် ဒေသများဖြစ်သည့် မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၅)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၄)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းရှိမြို့နယ် (၅)မြို့နယ် စုစုပေါင်း (၁၄)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ရန် မြို့နယ်များ ရွေးချယ်ရာတွင်လည်း လူမှုရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုအနေဖြင့် လျော်ကြေးငွေပေးရန် မလိုခြင်းနှင့် မြေသိမ်းမှုမရှိခြင်း၊ ရပ်ရွာဦးဆောင်သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေခြင်းနှင့် လုပ်ကွက်ငယ်တောင်သူများ ပါဝင်လာစေခြင်း၊ ကျား/မဆိုင်ရာ ထိရောက်သော လုပ်ငန်းဖြစ်စေခြင်း၊ အခြားသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်များမှ ဆောင်ရွက်လျက်ရှိသော ထောက်ပံ့ငွေ၊ ချေးငွေစီမံကိန်းများနှင့် မထပ်စေခြင်း စသည့်အချက်များအပြင် စီးပွားရေး၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်များအပေါ် အခြေခံပြီး Feasibility Study လုပ်ငန်းအတွက် ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါကြောင်း။

 

ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် ချေးငွေစီမံကိန်းကို ADB ၏ ချေးငွေနှင့်ဆက်စပ်၍ ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအစီအစဉ် (Global Agriculture and Food Security Program – GAFSP) မှ အမေရိကန်ဒေါ်လာ ၂၇ သန်း ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပါကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများတွင် မပါဝင်သော ဖြည့်စွက်ရေရရှိရေး၊ စက်ရေတွင်းများတူးဖော်ခြင်း၊ အဟာရပြည့်ဝစေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းလုပ်ငန်းများကို GAFSP ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

စီမံကိန်းဧရိယာအတွင်း ပါဝင်သောမြို့နယ်များ၊ မျိုးစေ့ထုတ်ခြံများအတွင်းရှိ ကုန်ထုတ်လမ်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ စက်ရေတွင်းများအပါအဝင် ရေတွင်းရေကန်များ၊ ကျေးရွာရေလှောင် တမံများပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းဖြစ်မြောက်နိ်ုင်စွမ်း လေ့လာချက်ကုန်ကျစရိတ်မှာ ယခုချေးငွေ ၄၀ ဒသမ ၅ သန်းမှ ကျခံသုံးစွဲခြင်းမပြုဘဲ အာရှဖွံ့ဖြိုးရေးဘဏ်၏ သီးခြားအထောက်အပံ့ အစီအစဉ်ဖြင့် ကျခံဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်ပချေးငွေ အထောက်အပံ့များဖြင့် ဆောင်ရွက်ဆဲစီမံကိန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် အမျိုးသားစီမံကိန်း ဦးဆောင်ကော်မတီ၊ လုပ်ငန်းအကောင်အထည် ဖော်ရေးကော်မတီများကို ဖွဲ့စည်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ပြောကြားသည်။ 

 

ထို့အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း ပြန်လည်ရှင်းလင်း ပြောကြားသည်။

 

အဆိုပါချေးငွေ ချေးယူရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။

 

ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၆/၂၀၁၈)အပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုက ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတွင် ပါရှိသည့် နှောင့်နှေးဒဏ်ကြေး ပေးဆောင်သည့်အပိုင်းနှင့် ပတ်သက်ပြီး ဆွေးနွေးလိုပါကြောင်း၊ ဥပဒေတစ်ခု ထွက်ပေါ်လာပါက လိုက်နာမှသာ ဥပဒေ၏ စည်းနှောင်အားကောင်းမည် ဖြစ်ပါကြောင်း၊ တင်ဒါစာချုပ် ချုပ်ဆိုသည့်အခါ ရာသီဥတုဒဏ်၊ သဘာဝဘေးဒဏ်ကြောင့် နောက်ကျခဲ့ပါက နောက်ကျဒဏ်ကြေးကို လျှော့ပေါ့စဉ်းစားပေးမည်ဟု ချုပ်ဆိုခဲ့ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ တင်ဒါလမ်းညွှန် ချက်(၁/၂၀၁၇) ကို ထုတ်ပြန်ထားသည်ကို မလိုက်နာဘဲ ပယ်ဖျက်ခွင့် ရှိ၊ မရှိနှင့် ပက်သက်၍လည်း သိရှိလိုပါကြောင်း ဆွေးနွေးသည်။

 

ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်က တင်ဒါလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ အဂတိလိုက်စားမှုများ မရှိစေရန်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားပါကြောင်း၊ ယင်းလမ်းညွှန်ချက်များကို အပြည့်အဝ လိုက်နာရမည်ဖြစ်ပြီး ယခုအစီရင်ခံစာတွင် ပါရှိသည့် ပညာရေးဝန်ကြီးဌာနကိုယ်စား ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများသည် ညွှန်ကြားချက်နှင့် ညီညွတ်ပြည့်စုံရမည်ဖြစ်ပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနက တည်ဆောက်ရေးလုပ်ငန်းပေါင်း   (၂၆၃၃) ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနထံ လုပ်ငန်းအပ်နှံခဲ့ရာတွင် လုပ်ငန်း (၂၅၂၇) ခုကို တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက လုပ်ငန်း (၁၆၃) ခုကို ကိုယ်တိုင်တာဝန်ယူ တည်ဆောက်ခဲ့သည်ဟု သိရှိရပါကြောင်း၊ တင်ဒါခေါ်ယူ ဆောင်ရွက်သည့် အရေအတွက်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကိုယ်တိုင်ဆောင်ရွက်သည့် အရေအတွက်ကို နှိုင်းယှဉ်ကြည့်ပါက ရာခိုင်နှုန်းအားဖြင့် ၅ ရာခိုင်နှုန်းသာ ရှိသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ကိုယ်တိုင်တာဝန်ယူ တည်ဆောက်သည့်လုပ်ငန်း (၁၆၃)ခု၏ လုပ်ငန်းစီမံကိန်းတန်ဖိုးသည် ငွေကျပ် ၉၅ ဘီလီယံခန့်ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ စီမံကိန်းတန်ဖိုးကြီးမားသည့် တက္ကသိုလ်၊ ကောလိပ် အဆောက်အဦများ၊ သင်တန်းကျောင်းများ၊ သက်မွေးပညာကျောင်းများ အားလုံးနီးပါးကို တင်ဒါအစီအစဉ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကသာ တိုက်ရိုက်တာဝန်ယူ တည်ဆောက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ နယ်မြေအေးချမ်းမှုရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ ခွင့်ပြုလျာထားရန်ပုံငွေ ပမာဏလည်းများပြားသည့် တက္ကသိုလ်၊ ကောလိပ်အဆောက်အဦ တည်ဆောက်ရေး စီမံကိန်းကြီးများကို တင်ဒါအစီအစဉ်ဖြင့် မဆောင်ရွက်ဘဲ ဌာနက မည်သည့်အတွက် ကိုယ်တိုင်ဆောင်ရွက်ခဲ့သည်ဆိုသည်ကို ပွင့်လင်းမြင်သာရှိစွာ ရှင်းလင်းပြောကြား ပေးစေလိုပါကြောင်း ဆွေးနွေးသည်။

 

အလားတူ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ တပ်ကုန်းမဲဆန္ဒနယ်မှ ဦးကျော်တင့်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၊ ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေ၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၊ ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးသန်းစိုးအောင်၊ ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး (ခေါ်) ဦးနေမျိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး (ခ) အတွတ်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းတို့က ဆွေးနွေးကြသည်။ 

 

မျိုးမြင့်၊ ဟန်လင်းနိုင်