ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ

နေပြည်တော် ၃၁ ဇန်နဝါရီ
 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာစောညိုဝင်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ဒေါ်ညွန့်ညွန့်ဌေး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးတင်အောင်ဝင်းတို့အား ခန့်အပ်တာဝန်ပေးအပ်ခြင်းကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း လွှတ်တော်နာယကက ကြေညာသည်။
 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီဝင် ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်က လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
 

အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယကက တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက်ကို ရယူအတည်ပြုသည်။
 

ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ပြန်လည်ရှင်းလင်း တင်ပြကြသည်။
 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်၏ အကြံပြုဆွေးနွေးချက်ပါ  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က  သတ်မှတ်ထားသည့် အတိုးနှုန်းကြောင့် အစိုးရငွေတိုက်စာချုပ် အတိုးနှုန်းမြင့်မားနေကြတာဖြစ်ပါတယ် ဆိုသည့် အကြောင်းအရာနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် အစိုးရဘတ်ဂျက်လိုငွေကို ယခင်က အစိုးရငွေတိုက် လက်မှတ်နှင့် ငွေတိုက်စာချုပ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ရောင်းချခြင်းဖြင့် ဖြည့်ဆည်းခဲ့ပါကြောင်း၊ အစိုးရဘတ်ဂျက်လိုငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ချေးငွေဖြင့် ဖြည့်ဆည်းခြင်းသည် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်းနိုင်ရန် ငွေကြေးမူဝါဒ အကောင်အထည်ဖော်ရေးကို များစွာအားနည်းစေပါကြောင်း၊
 

ထို့ကြောင့် အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ငွေကြေးဈေးကွက်အတွင်း ရောင်းချခြင်းဖြင့် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းနိုင်ရန်နှင့် ငွေကြေးဈေးကွက် ဖြစ်ထွန်းရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ အစိုးရ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ရောင်းချရာတွင် ရင်းနှီးမြှုပ်နှံလိုသူများမှ အတိုးနှုန်းနှင့် ပမာဏကို အဆိုပြုရပြီး အသင့်လျော်ဆုံးနှင့် အတိုးနှုန်းအနည်းဆုံးကို လေလံစနစ်နှင့် ရွေးချယ်ရောင်းချခြင်း ဖြစ်သည့်အတွက် ဈေးကွက်ကပြဋ္ဌာန်းသည့် အတိုးနှုန်းကို ဖြစ်ပေါ်ပါကြောင်း။
 

အစိုးရ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များအတွက် အစိုးရကပေးရသည့် အတိုးနှုန်းသည် Treasury Bill, Treasury Bond Auction မှ သတ်မှတ်သော အတိုးနှုန်းဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်သည့် ဗဟိုဘဏ်နှုန်းနှင့် သီးခြားစီဖြစ်ပါကြောင်း၊ နိုင်ငံတကာ ငွေရေးကြေးရေးဈေးကွက်ကို ကြည့်ပါက အစိုးရငွေတိုက်စာချုပ်များ၏ အတိုးနှုန်း မြင့်တက်ပါက ဘဏ်အချင်းချင်း ချေးငွေအတိုးနှုန်း လျော့ကျပြီး  ဘဏ်အတိုးနှုန်းမြင့်တက်ပါက အစိုးရငွေတိုက်စာချုပ် အတိုးနှုန်းကျဆင်းသည့် ဈေးကွက်အခြေအနေကို တွေ့ရမည်ဖြစ်ပါကြောင်း။
 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ချုပ်ဆိုခဲ့သည့်  အစိုးရ ငွေချေးသက်သေခံ လက်မှတ်များဆိုင်ရာ သဘောတူစာချုပ်အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား  အစိုးရငွေတိုက် လက်မှတ်များကို လေလံစနစ်ဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်မှ စတင်ရောင်းချခဲ့ပြီး အစိုးရငွေတိုက် စာချုပ်များကို ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချခဲ့ပါကြောင်း၊ ဆောင်ရွက်ခဲ့သည့် Treasury Bill, Treasury Bond Auction အရ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၃ လ အစိုးရ ငွေတိုက်လက်မှတ် အတိုးနှုန်းသည် ပျှမ်းမျှ ၇ ရာခိုင်နှုန်းခန့်၊ ၆ လ အစိုးရ ငွေတိုက်လက်မှတ်အတိုးနှုန်းသည် ပျှမ်းမျှ ၈ ဒသမ ၄ ရာခိုင်နှုန်းခန့်နှင့် တစ်နှစ် အစိုးရငွေတိုက်  လက်မှတ်အတိုးနှုန်းသည် ပျှမ်းမျှ ၈ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး အစိုးရငွေတိုက်စာချုပ် အတိုးနှုန်းများသည် နှစ်အလိုက် ၉ ရာခိုင်နှုန်း၊ ၉ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ အတိုးနှုန်းကိုကြည့်ပါက  အစိုးရအနေဖြင့် မိမိ၏ ကာလအလိုက် ဘဏ္ဍာငွေလိုအပ်ချက်ကိုကြည့်ပြီး အတိုးနှုန်း ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းနှင့် Treasury Bill ရောင်းချနိုင်အောင် ဆောင်ရွက်၍ရသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အဓိက ရည်မှန်းချက်သည် ပြည်တွင်းဈေးနှုန်း တည်ငြိမ်ရေး ဖြစ်သည့်အတွက် ငွေကြေးဖောင်းပွမှုကို ထိမ်းသိမ်းနိုင်ရန် ငွေကြေးမူဝါဒကို ချမှတ်ကျင့်သုံးပါကြောင်း၊ ငွေကြေးမူဝါဒကို ထိန်းသိမ်းရာတွင် အတိုးနှုန်းသည် အဓိကကျပါကြောင်း၊ စီးပွားရေးစနစ်အတွင်း သင့်လျှော်သော အတိုးနှုန်းသတ်မှတ်ရန်အတွက် အရေးကြီးပါကြောင်း၊ သင့်လျော်သော အတိုးနှုန်းရှိသည့် ငွေကြေးစနစ်မှသာ ထိုက်သင့်သော စီးပွားရေးတိုးတက်မှုနှုန်းကို လျော်ကန်သော ငွေကြေးဖောင်းပွမှုနှုန်းနှင့် ရရှိဖြတ်သန်းနိုင်မည် ဖြစ်ပါကြောင်း။
 

သင့်လျော်သော အတိုးနှုန်းရရှိအောင် Macroeconomic Variable များကို အခြေခံရပါကြောင်း၊ အဓိက Variable များမှာ တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်း၊ အလုပ်အကိုင်ရရှိမှု၊ ငွေကြေးဖောင်းပွမှု၊ ကုန်သွယ်မှု၊ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းမှု၊ စီးပွားရေးစနစ်အတွင်း ငွေကြေးပမာဏ၊ ဘဏ်စနစ်အတွင်းရှိ  ငွေကြေးပမာဏ စသည်တို့ကို ထည့်သွင်းစဉ်းစားရပါကြောင်း၊ အတိုးနှုန်းမှာ အခြေခံအားဖြင့် ငွေကြေးဖောင်းပွမှုနှုန်းကို ကာမိရန်လိုအပ်ပါကြောင်း၊ သို့မှသာ စုဆောင်းမှုကို ဆွဲဆောင်မှုပြုနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း။
 

ပုဂ္ဂလိကဘဏ်များမှ အပ်နှံငွေကိုကြည့်ပါက အပ်နှံငွေ စုစုပေါင်း ဘီလီယံ ၂၇၀ဝ၀ တွင် Saving and Fixed Deposit သည် ဘီလီယံ ၂၂၀ဝ၀ ရှိသဖြင့် အပ်ငွေများ၏ ၈၀ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းစုဆောင်းငွေများသည် အခြေခံနှင့် အလယ်အလတ် လူတန်းစားများနှင့် ပင်စင်လစာကို မှီခိုကြရသည့် ပင်စင်စားများ၊ စီးပွားရေးလုပ်ငန်းများနှင့် များစွာဆက်စပ်မှု မရှိသည့် ပြည်သူများ၏ အပ်နှံငွေများ ဖြစ်ပါကြောင်း၊ အတိုးနှုန်းချလိုက်သည့်အတွက် Saving မအပ်ကြခြင်းသည် ငွေကြေးစနစ်ကို ထိခိုက်မည်ဆိုခြင်းထက် အခြေခံပြည်သူများကို ရိုက်ခက်ခြင်းသည် နိုင်ငံ၏ စီးပွားရေးနယ်ပယ် သာမက လူမှုရေး၊ နိုင်ငံရေး နယ်ပယ်အထိ ကြီးမားသော ထိရောက်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း။
 

ထို့ကြောင့် စီးပွားရေးစနစ် တစ်ခုလုံးနှင့် အခြေခံပြည်သူများ၏ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်း လျော့ချမှုပြုလုပ်မည် မဟုတ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းများအနေဖြင့် ချေးငွေအတိုး ၁၃ ရာခိုင်နှုန်းအောက် လျော့ချနိုင်အောင် ဘဏ်များနှင့် ညှိနှိုင်းရန် အခွင့်အလမ်းများ ရှိပါကြောင်း ဆွေးနွေးတင်ပြသည်။
 

ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁/၂၀၁၈)ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် တောင်ငူမဲဆန္ဒနယ်မှ ဦးခင်မောင်သန်းက လွှတ်တော်သို့ အဆိုတင်သွင်းသည်။
 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်၏ သဘောဆန္ဒကိုရယူ၍ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်းနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၁/၂၁၀၈) ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။      
 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပမည့်နေ့ရက်ကို ကြိုတင်အသိပေး သွားမည်ဖြစ်ကြောင်း သိရသည်။
 

မွှေးကြူဇင်