ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(၁/၂၀၂၀)  ဒုတိယနေ့ ကျင်းပ

ရန်ကုန် ၂၁ ဖေဖော်ဝါရီ

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) ဒုတိယနေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၏ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၏ အဓိက လမ်းမကြီးဖြစ်သော ကျန်စစ်သားလမ်းမကြီးသည် ရွှေပေါက်ကံတံတားမှ မင်းရဲကျော်စွာလမ်းအထိ (၄၈)ပေအကျယ်ရှိပြီး ရာဇဓိရာဇ်လမ်းမှ အမှတ်(၂)လမ်းအထိ (၂၄)ပေအကျယ်သာရှိ၍ ကျဉ်းမြောင်းနေပါသဖြင့် ကျန်စစ်သားလမ်းမကို ရာဇဓိရာဇ်လမ်းမှ အမှတ်(၂)လမ်း အထိ (၄၈)ပေ အကျယ်ချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက  ပြုပြင်ပေးရန် အစီအစဉ်ရှိပါကြောင်း၊ ၂၀၁၆ - ၂၀၁၇ ဘက်ဂျက်တွင် ပေ ၁၀ဝ၀ဝ ခင်းခဲ့ပြီး မင်းရဲကျော်စွာလမ်းမှ အမှတ် ၂ လမ်းမကြီးအထိ ၂၄ ပေအကျယ်ကို တိုးချဲ့ ရန် အစီအစဉ်ရှိသော်လည်း ၂၀၂၀ - ၂၀၂၁ ဘက်ဂျက်ခွဲဝေမှု ပိုင်းတွင် လမ်းမကြီးပိုင်းနှင့် လမ်းသွယ်ပိုင်းကို ယူရသည့်အတွက် ခွဲဝေမှုကျန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘတ်ဂျက်လုံလောက်ပါက တိုးချဲ့ရန် အစီအစဉ်ရှိကြောင်း ပြန်လည်ဖြေကြား သည်။

 

ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ လှော်ကားလမ်းမကြီးအား ၄၈ ပေအကျယ်လမ်းမကြီးအဖြစ် မောင်းမကန်သာလမ်းမှ ရိုးမရိပ်သာလမ်းအထိ ခင်းပေးရန်၊ လမ်းဘေးတစ်ချက်စီတွင် ၅ ပေအကျယ် ၅ ပေအနက် အုတ်ရေမြောင်း တူးဖော် ပေးရန်နှင့် လူသွားပလက်ဖောင်းလမ်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မောင်းမကန်သာလမ်းမှ ရိုးမရိပ်သာ လမ်းအထိ အရှည်ပေ ၁၄၃၀ဝ ရှိပြီး လမ်းအကျယ် ၂၄ ပေရှိသည့် ကွန်ကရစ်လမ်းမ ဖြစ်ကြောင်း၊ ယင်းလမ်းမကြီးကို လမ်းအကျယ် ၄၈ ပေရရန် ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေ လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၇ - ၂၀၁၈ ဘတ်ဂျက်တွင် ပုဂံလမ်းနှင့် ကျန်စစ်သားလမ်းပိုင်း ပေ ၈၀ဝ ကို ၄၈ ပေအကျယ် တိုးချဲ့ပေးမည်ဖြစ်ကြောင်း၊ မောင်းမကန်ကမ်းသာ လမ်းနှင့် ပုဂံလမ်း လမ်းဆုံတွင် ဘက်ဂျက် အတိုကာလအတွင်း ပေ ၄၀ဝ ကို ၄၈ ပေအကျယ် တိုးချဲ့ခဲ့ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဏာနှစ်တွင် မောင်းမကန်သာလမ်းနှင့် ပုဂံလမ်းအပိုင်းကို ပေ ၂၉၆၀ အထိ လမ်းတိုးချဲ့ရန် ငွေကျပ် ၃၂၇ ဒသမ ၆ သန်း လျာထား ရေးဆွဲထားပါကြောင်း၊ ရေမြောင်းတူးဖော်ခြင်းကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဏာနှစ်တွင် ၅ ပေ × ၅ ပေ၊ အရှည်ပေ ၇၀ဝ၀၊ နှစ်ဖက်အတွက် ပေ ၁၄၀ဝ၀  ကို ငွေကျပ် ၁ ဒသမ ၈ ဘီလီယံ လျာထားကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဏာနှစ်တွင် လမ်းအရှည်ပေ ၂၉၆၀ ခင်းရန်နှင့် ရေမြောင်းပေ ၇၀ဝ၀ နှစ်ဖက်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

ဆက်လက်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်၏ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူနေများ သော ရပ်ကွက် (၃၂)ရပ်ကွက်တွင် လမ်းခင်းရန် လိုအပ်သော မြေသားလမ်းများအား လာမည့် ၂၀၂၀ - ၂၀၂၁ ဘတ်ဂျက်တွင် ကွန်ကရစ်လမ်းများ ပိုမိုခင်းပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ကို ၂၀၁၅ - ၂၀၁၆ ခုနှစ်တွင် လမ်းမကြီး ၃ လမ်းနှင့် လမ်းသွယ် ၃၀ ၊ ၂၀၁၆ - ၂၀၁၇ ခုနှစ်တွင် လမ်းမကြီး ၇ လမ်းနှင့် လမ်းသွယ် ၁၀ လမ်း၊ ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် လမ်းမကြီး ၃ လမ်းနှင့် လမ်းသွယ် ၂၂ လမ်း၊ ၂၀၁၈ ခုနှစ် ဘတ်ဂျက်တိုကာလတွင် လမ်းမကြီး ၅ လမ်းနှင့် လမ်းသွယ် ၆ လမ်း၊ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် လမ်းမကြီး ၄ လမ်းနှင့် လမ်းသွယ် ၃၆ လမ်းတို့ကို ဆောင်ရွက်ခဲ့သည့်အပြင် ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် လမ်းမကြီး ၃ လမ်းနှင့် လမ်းသွယ် ၄၅ လမ်း တို့ကို ဆောင်ရွက်နေပါကြောင်း၊ ထို့ကြောင့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ စုစုပေါင်း လမ်းမကြီး ၂၅ လမ်းနှင့် လမ်းသွယ် ၁၄၉ လမ်းအထိ ပြင်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် လမ်းသွယ် ၂၉ လမ်းကို ဆောင်ရွက် ပေးရန် လျာထားပါကြောင်း ပြန်လည် ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် အရေးပေါ် အစည်းအဝေး (၁/၂၀၂၀) ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြုတင်ပြခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ လစ်လပ်လျက်ရှိသည့် တရားသူကြီးနေရာတွင် ဒေါ်ချိုမာလာအား ခန့်အပ်ရန် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး တင်သွင်းသည့် တိုင်းဒေသကြီး၏ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်း(လျာထားချက်)နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ သဘောထား မှတ်ချက်အစီရင်ခံစာကို ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) တတိယနေ့ကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

 

သတင်း - ဇော်ကြီး၊ ဓာတ်ပုံ - ဖေဇော်