ဒုတိယအကြိမ်မြောက် ကရင်တိုင်းရင်းသားစာပေမွမ်းမံသင်တန်းဖွင့်

တွံတေး ၄  ဇွန် 

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက် ဓမ္မလင်္ကာရကျောင်းတွင် ဒုတိယအကြိမ်မြောက် ကရင်တိုင်းရင်းသား စာပေမွမ်းမံသင်တန်းကို မေလ နောက်ဆုံးပတ်က စတင်ဖွင့်လှစ်ခဲ့သည်။

 

ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ကြသည်။ 

 

 

ထိုနောက် ဓမ္မာလင်္ကာရကျောင်းဆရာတော် ဘဒ္ဒန္တရေဝတက ဩဝါဒစကား ပြောကြားခဲ့ပြီး တွံတေးမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ စောဝါးခိုမှ မြို့နယ်အတွင်းရှိ ကရင်စာပေသင်ကြားတိုးတက်မှုအနေဖြင့် တွံတေးမြို့နယ်တွင်  စာပေသင်ကြားမှု့(၇၀) ရာခိုင်နှုန်းအထိ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊  စာပေယဉ်ကျေးမှုကိစ္စရပ်များအား တိုင်းရင်းသားရေးရာ ဝန်ကြီးလမ်းညွှန်မှု့ဖြင့် ဆက်လက်ဆောင်ရွက် အကောင်အထည်ဖော်ဆောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အခမ်းအနားတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက အမှာစကားပြောကြားရာတွင် တွံတေးမြို့နယ်တွင် ( ၂၀၁၆/၂၀၁၇) ခုနှစ်တွင် ကရင်စာပေသင်ကြားမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့အကူအညီဖြင့် ဆောင်ရွက်ခဲ့သော်လည်း (၂၀၁၈) ခုနှစ် စာသင်နှစ်တွင် ကိုယ်ထူကိုယ်ထ ကိုယ့်တိုင်းရင်းသားစာပေအား သင်ကြားနိုင်အောင် စတင်ခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ပညာရေးစနစ်ပြောင်းလဲမှုကိုလိုက်၍  မိမိတိုင်းရင်းသားစာပေသင်ကြားရာတွင်လည်း အလွတ်ကျက်မှတ် ရသည့် စနစ်အစားသင်ကြားသည့် ဆရာ/ဆရာမများမှ မိမိတို့၏ကရင်ပုံပြင်စာပေ သီချင်းများအား သင်ကြားပေးခြင်းအားဖြင့် နောင်လာမည့်မျိုးဆက်များတွင် တိုင်းရင်းသားကလေးသူငယ်များမှ စဉ်းစားတွေးခေါ်မှုများ ဆင်ခြင်တုံတရားများ ပိုမိုတိုးတက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

 

 

 “ကရင်စာပေသင်ကြားရေးဆရာတစ်ဦးက  ကျောင်း (၄၉) ကျောင်းမှ ကရင်စာပေသင်းကြားမည့်ဆရာ/ဆရာမ တွေကို စာပေအရေးအသား အဖတ်နှင့် ပုံပြင်ဂီတများ စနစ်တကျရှိစေရန် မွမ်းမံသင်တန်းပေးတာပါ။ ရည်ရွယ်ချက်ကတော့ ကရင်စာပေ၊ဂီတ၊ယဉ်ကျေးမှု မပပျောက်ရေးက အဓိကပါ “ဟုဆရာဦးစောဆိုင်းအေးက ပြောသည်။

 

မျိုးလှိုင် (တွံတေး)