ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

နေပြည်တော်  ၁၃  ဇူလိုင်

 

 

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အေးရွှေက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ရှေ့မှောက်၌ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးသည်။

 

ထို့နောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုအစည်းအဝေး ကာလအတွင်းတွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း စသည့် ဥပဒေကြမ်းတို့ကို ကန့်သတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရမည့် တာဝန်များလည်း ရှိနေပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင် ဆောင်ရွက်ရန်ရှိသည့် ဥပဒေကြမ်းများ၊ အဆိုနှင့် မေးခွန်းများကို ယခင်ပုံမှန်အစည်းအဝေး များအတိုင်း မျှမျှတတ ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ယနေ့အချိန်အထိ မိမိတို့နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ဆဲကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ကိုယ်စားလှယ်များအနေဖြင့် ပေါ့ဆမှုမရှိဘဲ ကပ်ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် ယခုအစည်းအဝေးကာလကို အောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

 

ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် သက်ဆိုင်ရာပါတီ ၏ စည်းမျဉ်းများနှင့်အညီ ပါတီဝင်ဖြစ်ခြင်း၊ နုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းတို့ကို လိုက်နာရသည်ကို သိရှိပါသလား၊ ပါတီတစ်ခုခုကို ကိုယ်စားပြုသည့် ပါတီဝင်တစ်ဦးသည် အခြားပါတီဝင်အဖြစ်ဖြင့် ကိုယ်စားပြုပြီး ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်လျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည် မဟုတ်ပါလားဆိုသည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်းက  ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉ တွင် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိသူတစ်ဦး သည် တစ်သီးပုဂ္ဂလအဖြစ်ဖြင့် ဖြစ်စေ၊ နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြု၍ဖြစ်စေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်အရ ပုဂ္ဂိုလ်တစ်ဦးသည် တစ်ချိန်တည်းတွင် ပါတီတစ်ခု၌သာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည့်အတွက် ပါတီတစ်ခုမှ နုတ်ထွက်ခွင့် မရရှိသော ပုဂ္ဂိုလ်တစ်ဦးသည် အခြားနိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်နှင့် ငြိစွန်းပါကြောင်း၊ သို့ရာတွင် ယင်းသို့ ပါတီမှနုတ်ထွက် ခွင့်မရသည့်အခြေအနေတွင် ၎င်း၏ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်သည်ဟု ဆိုနိုင်မည်မဟုတ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ကန်ပက်လက်မဲဆန္ဒနယ်မှ  ဦးညွန့်ဝင်း၏ အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့ရက်တွင် တစ်နိုင်ငံလုံးမှ မဲရုံအသီးသီးရှိ မဲရလဒ်များအား ရွေးကောက်ပွဲနေ့ရက်၏ ညနေ ၄ နာရီမတိုင်မီ ဖွင့်ဖောက်ရေတွက်ခြင်း မပြုလုပ်ရန်နှင့် မဲရလဒ်များ ပေါက်ကြားခြင်းမရှိစေရန် ညွှန်ကြားချက်၊ စည်းကမ်းချက်များ ထုတ်ပြန်ကြေညာပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်းက သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၂ (က)တွင် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားရမည် ဖြစ်ပါကြောင်း၊ သို့ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးပြီးပါက မဲရုံများကို ညနေ ၄ နာရီထက်စော၍ ပိတ်နိုင်သည်ဟူ၍ လည်းကောင်း၊ ယင်းဥပဒေ ပုဒ်မ ၄၂ (ခ)တွင် မဲရုံများကို ညနေ ၄ နာရီတိတိ အချိန်တွင် ပိတ်သည့်အခါ  မဲရုံမပိတ်မီ ထိုမဲရုံပရိဝုဏ်အတွင်း၌ ဆန္ဒမဲပေးရန် ရောက်ရှိနေသူများအနက် ဆန္ဒမဲ မပေးရသေးသူများရှိပါက ယင်းတို့ကို စာရင်းကောက်ယူ၍  ထိုစာရင်းတွင် ပါသူများကိုသာလျှင် ဆန္ဒမဲပေးချိန် ကျော်လွန်ပြီး ဖြစ်စေကာမူ ဆန္ဒမဲပေးခွင့်ပြုရမည်ဟူ၍လည်းကောင်း၊ ယင်းဥပဒေပုဒ်မ ၄၈(ခ)တွင် သက်ဆိုင်ရာမဲရုံ အလိုက် ဆန္ဒမဲပေးခြင်းပြီးပြတ်လျှင် ပြီးပြတ်ချင်း မဲရုံမှူးကိုယ်တိုင်ဖြစ်စေ၊ ယင်းကတာဝန်ပေးအပ်သော မဲရုံအဖွဲ့ဝင်က ဖြစ်စေ မဲရုံတွင်ပင် မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များနှင့် အများပြည်သူတို့၏ ရှေ့မှောက်၌ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရမည် ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း။

 

ထို့ကြောင့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ အထက်ဖော်ပြပါ ပြဋ္ဌာန်းဥပဒေများအရ ထုတ်ပြန်ကြေညာပေးရန် အစီအစဉ်မရှိပါကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်  ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် နှင့် မဲရုံအဖွဲ့များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ရွေးကောက်ပွဲကာလနီးကပ်ချိန်တွင် လိုအပ်သော ညွှန်ကြားချက်များကို ဥပဒေနှင့်အညီ ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မိုးမိတ် မဲဆန္ဒနယ်မှ ဦးတိုးသောင်၏ မိုးမိတ်မြို့နယ်တွင်  MPT ဖုန်းလိုင်းများ ကောင်းမွန်စွာ  ဆက်သွယ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်မြို့နယ်အတွင်းရှိ မိုဘိုင်းဆက်သွယ်ရေးစခန်းများ၏ အဝေးဆက်သွယ်မှုစနစ်အတွက် လက်ရှိအသုံးပြုနေသော မိုးကုတ်-မိုးမိတ် မိုက္ကရို ဆက်ကြောင်းသည် နည်းပညာပိုင်း ဆိုင်ရာအရ အများဆုံးရရှိနိုင်သည့်  Bandwidth Capacity ကို အပြည့်အသုံးပြုထားပြီးဖြစ်ပါကြောင်း၊ ယင်း Capcity အသုံးပြုပြီး မိုဘိုင်းစခန်းပေါင်း ၂ဝ ကို ဆက်သွယ်ချိတ်ဆက်ထားရသည့်အတွက် မိုဘိုင်တယ်လီဖုန်း သုံးစွဲသူများ အနေဖြင့် အဆင်မပြေမှုများ ကြုံတွေ့နေရခြင်း ဖြစ်ပါကြောင်း။

 

သို့ပါ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်  မိုးမိတ်မြို့နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ပြောဆိုဆက်သွယ်နိုင်စေရန် မိုဘိုင်းစခန်းများ၏ အဝေးဆက်သွယ်မှုစနစ်အတွက် လက်ရှိချိတ်ဆက်အသုံးပြုနေသည့် မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းအစား ဖိုင်ဘာဆက်ကြောင်းဖြင့် ပြောင်းလဲချိတ်ဆက် အသုံးပြုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ် မတ်လကုန်ခန့်တွင် ပြီးစီးနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေ၏ ရမ်းဗြဲမြို့နယ်၊ ကန်တော့ပြင်ကျေးရွာနှင့် သာစည်ပြင်ကျေးရွာကြားရှိ  တန့်လန်း တောင်ပေါ်တွင် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသာဦးက  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ကန်တော့ပြင်ကျေးရွာအနီး ၁ ဒသမ ၂၄ မိုင်ခန့် အကွာရှိ ကုန်ဘောင်ကျေးရွာတွင် GSM စခန်းတစ်ခုကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် တန့်လန်းတောင်ပေါ်တွင် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု တည်ဆောက်ပေးနိုင်ရန်မှာ ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်နှင့် ပြန်လည်ရရှိနိုင်မည့် ဝင်ငွေအခြေအနေအရ ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးပါကြောင်း။

 

သို့ရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းရှိ အခြေခံဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသည့် နယ်မြေဒေသများ၌ အခြေခံဆက်သွယ်ရေးအဆောက်အအုံများ တိုးချဲ့တည်ဆောက်နိုင်ရန်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်ကောင်းမွန်စေနိုင်မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် အတွက် ဆက်သွယ်ရေးအော်ပရေတာများက အချိုးကျထည့်ဝင်ထားသည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ဘဏ္ဍာရေးနှစ်အလိုက် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ပေါက်တော မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၏  ပေါက်တောမြို့နယ်၊ ပင်လယ်ကမ်းစပ်ဒေသအချို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးကောင်းမွန်လာအောင် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသာဦးက ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့်  လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ ပေါက်တော မြို့နယ်အတွင်း ပင်လယ်ကမ်းစပ်ရှိ ကျေးရွာအုပ်စု (၆)အုပ်စုတို့အနက်မှ ကျောက်စုကျေးရွာအုပ်စု၊ မြောက်ပြင်ကျေးရွာ အုပ်စုနှင့် ပြိုင်းတောင်ကျေးရွာအုပ်စုတို့တွင် GSM စခန်းများကို တည်ဆောက်ထားပြီးဖြစ်သော်လည်း ဗျိုင်းသစ်ကျေးရွာ အုပ်စု၊ ဖားဒူကျေးရွာအုပ်စုနှင့် ဂြင်းချောင်းကျေးရွာအုပ်စုအစရှိသည့် ကျေးရွာအုပ်စု (၃)အုပ်စုတို့တွင် မိုဘိုင်း ဆက်သွယ်ရေးစခန်းများ တည်ဆောက်ပေးရန် လောလောဆယ် အစီအစဉ်မရှိသေးသည်ကို သိရှိရပါကြောင်း။

 

သို့ရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းရှိ အခြေခံဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေသည့် နယ်မြေဒေသများ၌ အခြေခံဆက်သွယ်ရေးအဆောက်အအုံများ တိုးချဲ့တည်ဆောက်နိုင်ရန်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်ကောင်းမွန်စေနိုင်မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် အတွက် ဆက်သွယ်ရေးအော်ပရေတာများက အချိုးကျထည့်ဝင်ထားသည့် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ဘဏ္ဍာရေးနှစ်အလိုက် ညှိနှိုင်းဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က အစီရင်ခံစာ ဖတ်ကြားတင်သွင်းသည်။

 

ဆက်လက်၍  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇူလိုင် ၁၄ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)