ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်ခဲ့သည့် လေယာဉ်တင်သင်္ဘော အပျက်အစီးများအား ရှာဖွေတွေ့ရှိ

၇ မတ်

 

ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်ခဲ့သည့် လေယာဉ်တင်သင်္ဘော U. S. S Lexington ၏ အပျက်အစီး အစိတ်အပိုင်းများကို Coral ပင်လယ်ရေအောက်မှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း မိုက်ခရိုဆော့ဖ်ကို ပူးတွဲတည်ထောင်သူ ပေါအယ်လ်လန်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

 

အပျက်အစီးတွေကို ရေအောက် မီတာ ၃၀ဝဝ အနက်၊ သြစတျေးလျ ကျွန်းဆွယ် အရှေ့ဘက် ကီလိုမီတာ ၈၀ဝ အကွာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရှာဖွေရေးအဖွဲ့ဟာ တွေ့ရှိထားတဲ့ လေယာဉ်တင်သင်္ဘော ဓါတ်ပုံတွေနဲ့ ဗီဒီယိုမှတ်တမ်းတွေကို ထုတ်ဖော်ပြသခဲ့ရာမှာ သင်္ဘောနဲ့အတူ နစ်မြုပ်သွားတဲ့ လေယာဉ်အချို့ကိုလည်း တွေ့ရပါတယ်။ အမေရိကန် လေတပ်ရဲ့ အမှတ်အသားကြယ်ပွင့်ပါတဲ့ လေယာဉ်ကိုယ်ထည်နဲ့ အတောင်ပံတွေကိုလည်း ပင်လယ်ကြမ်းပြင်မှာ အကောင်းပကတိအတိုင်း တွေ့ရပါတယ်။

 

 

၁၉၄၂ ခုနှစ် မေလ ၄ ရက်ကနေ ၈ ရက်အတွင်းမှာ U. S. S Lexington နဲ့ U.S.S Yorktown လေယာဉ်တင် သင်္ဘောနှစ်စီးဟာ ဂျပန် လေယာဉ်တင် သင်္ဘော ၃ စီးနဲ့ Coral ပင်လယ်ပြင်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ U. S. S Lexington ဟာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး အခြား အမေရိကန် စစ်သင်္ဘော တစ်စီးနဲ့အတူ နစ်မြုပ်သွားခဲ့ပါတယ်။ မနစ်မြုပ်ခင် အခြား အမေရိကန် စစ်ရေယာဉ်တွေက အမှုထမ်းတွေကို ကယ်ဆယ်ခဲ့ကြပေမယ့် အမှုထမ်း ၂၀ဝ ကျော်လောက် သေဆုံးခဲ့ကြရပါတယ်။

 

အမေရိကန် ပစိဖိတ်ဒေသ စစ်ဌာနချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris ရဲ့ ဖခင်ဟာ အဆိုပါ သင်္ဘောနစ်မြုပ်မှုမှာ ပါဝင်ခဲ့ပေမယ့် အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။

 

 

“ယခုလို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့တဲ့တွက် သုတေသနသင်္ဘော Petrel နဲ့ ရှာဖွေရေးအဖွဲ့ဝင် အားလုံးအတွက် ဂုဏ်ယူပါတယ်။ Lady Lex လို့ ခေါ်တဲ့ U. S. S Lexington ဟာ Coral ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာ နှစ်ပေါင်း ၇၆ နှစ် နီးပါး ရှိနေပါပြီ။ Lady Lex နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ အမှုထမ်းတွေရဲ့ ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုကိုလည်း ကျွန်တော်တို့ ဂုဏ်ယူနေမှာပါ။ ဒါ့အပြင် လွတ်လပ်မှုနဲ့ လုံခြုံမှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန် စစ်သားအားလုံးအတွက်လည်း ဂုဏ်ယူနေမှာပါ” လို့ ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris က ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

 

U. S. S Lexington နစ်မြုပ်စဉ်က လေယဉ် ၃၅ စင်းကို တင်ဆောင်ထားပြီး ၁၁ စီးကို ပြန်လည်တွေ့ရှိထားတယ်လို့ သိရပါတယ်။ ရှာဖွေရေးအဖွဲ့ဟာ အခြားသမိုင်းဝင် စစ်သင်္ဘော USS Indianapolis နဲ့ ၁၉၄၅ ခုနှစ် ဇူလိုင်လက ဖိလစ်ပိုင် ပင်လယ်ပြင်မှာ ဂျပန်ရေငုပ်သင်္ဘော တော်ပီဒို ထိမှန်ခဲ့တဲ့ ခရူဇာ စစ်သင်္ဘော တစ်စီးရဲ့ အပျက်အစီး အပိုင်းအစတွေကိုလည်း ရှာဖွေတွေ့ရှိထားကြောင်း အေအက်ဖ်ပီ သတင်းအရ သိရပါတယ်။

 

ဘာသာပြန် - စိုးမိုးဇော်