ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉) သို့ တက်ရောက်အဖွင့်အမှာစကားပြောကြား

နေပြည်တော်  ၃  ဇန်နဝါရီ

အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ၏ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်း အဝေး (၁/၂၀၁၉) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။

ဒုတိယသမ္မတက အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီကို ပြန်လည်ဖွဲ့စည်းပြီးနောက် ယခုအကြိမ်အပါအဝင် အစည်းအဝေး(၉)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ရေနှင့်ဆက်နွယ်သည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေအရင်း အမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲရေးနှင့်အကျိုးရှိစွာ အသုံးချနိုင်ရန်၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိရောက်အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန်၊ ရေအရင်းအမြစ်ကဏ္ဍဆိုင်ရာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီးအခက်အခဲများရှိပါက ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကော်မတီ၏ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးများကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းအများစုကိုထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ကျန်ရှိနေသေးသည့် လုပ်ငန်းများကိုလည်း ဆက်လက်ပြီး ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

၂၀၁၈ခုနှစ်အတွင်း ရေကြီးရေလျှံမှုများကြုံတွေ့ခဲ့ရပြီး နောက်သြဂုတ် ၃၁ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်ညှိနှိုင်း အစည်းအဝေး (၃/၂၀၁၈)တွင် မြို့များ၌ ရေကြီးရေလျှံမှုများမဖြစ်စေရေးအတွက် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရန်နှင့် ပြည်သူများစနစ်တကျ အမှိုက်စွန့်ပစ်စေရေးအတွက် စည်းကမ်းချမှတ်ဆောင်ရွက်ရန်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ပဲခူးမြစ်၊ ရွှေကျင်မြစ်၊ ဘီးလင်းမြစ်၊ တနင်္သာရီမြစ်နှင့် ဒေါင်းမြူးချောင်းတို့တွင် ရေကြီးရေလျှံမှုလျော့ပါးရေး အစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဆည်များ၏ကြံ့ခိုင်မှုနှင့် ပတ်သက်ပြီး စစ်ဆေးရန်၊ ဆည်များ၏အောက်ဘက်တွင်နေထိုင်သည့် ပြည်သူများကို အသိပညာပေးရန်နှင့် လိုအပ်သည့် သတိပေးချက်များထုတ်ပြန်ရန်၊တနင်္သာရီမြို့နှင့် ဘားအံမြို့တွင်ရှိသည့် တာဘောင်များကို စစ်ဆေးဆောင်ရွက်ရန်၊ ကားလမ်းရထားလမ်းများနှင့် ဆက်စပ်နေရာများတွင် ရေထွက်ပေါက်များနှင့် ရေတံခါးများတပ်ဆင်ရန် ဆုံးဖြတ်ချက်များချမှတ်ခဲ့ပါကြောင်း၊ ဆုံးဖြတ်ချက်များနှင့်ပတ်သက်ပြီး အများစုကိုကြိုးစားအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် အခြားအရှေ့တောင်အာရှ နိုင်ငံများနည်းတူ မိုးရာသီတွင် ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုများနှင့် ကမ်းပြိုကမ်းစားမှုများကြုံတွေ့ရလေ့ရှိပြီး နွေရာသီတွင်ရေရှားပါးမှုပြဿနာများကိုကြုံတွေ့ရလေ့ရှိပါကြောင်း၊ နိုင်ငံတော် အနေဖြင့် ရေနှင့်ပတ်သက်သည့် သဘာဝဘေးအန္တရာယ် ခံစားရသူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ဆိုင်ကလုန်း Shelter များအပါအဝင်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအတွက် နှစ်စဉ်ဘဏ္ဍာငွေများစွာကို ကျခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကြာမီပူပြင်းခြောက်သွေ့သည့် နွေရာသီကာလကိုရောက်ရှိတော့မည်ဖြစ်သည့်အတွက် နွေရာသီတွင်ကြုံတွေ့ရတတ်သည့် ရေရှားပါးမှုနှင့် ရေပြတ်လတ်မှုပြဿနာများ လျော့နည်း သက်သာစေရန် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများက ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြရမည်ဖြစ်ပါကြောင်း၊ အလားတူ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ သောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေမှု၊ ရေကြောင်းသွားလာရေး လုံခြုံချောမွေ့စေမှု၊ ကမ်းပြိုကမ်းစား ကာကွယ်မှု၊ ရေထုညစ်ညမ်းမှုထိန်းချုပ်မှုတို့အပြင် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရေအရင်း အမြစ်ဘက်စုံစီမံခန့်ခွဲရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များအကြား ဆက်လက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ဖွဲ့စည်းပြီးနောက်နှစ်စဉ်မတ်လ (၂၂)ရက်တွင် ကျရောက်သည့် ကမ္ဘာ့ရေနေ့(World Water Day) အထိမ်းအမှတ် အခမ်းအနားများကို ကော်မတီကကြီးမှူးပြီးရေနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သည့် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုနှင့် ကျင်းပလျက်ရှိပါကြောင်း၊ ကမ္ဘာ့ရေနေ့ ၂၀၁၉အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနား၊ ရေဆိုင်ရာ ဆွေးနွေးပွဲများနှင့် ပြပွဲအခမ်းအနားများကိုလာမည့် မတ်လပထမပတ်အတွင်း နေပြည်တော် တွင်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယခုနှစ်အတွက် ကမ္ဘာ့ရေနေ့အကြောင်းအရာမှာ လူသားအခွင့်အရေးအတွက် ဒုက္ခသည်များအပါအဝင်မည်သူကိုမျှ နောက်တွင်ချန်မထား ခဲ့ရေး “Leaving No One Behind” ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရေနေ့၂၀၁၉ အထိမ်းအမှတ် အခမ်းအနားကျင်းပရေးအတွက် ယခင်နှစ်များကဲ့သို့ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီနှင့်ရေဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်သာလန်၊ သြစတြေးလျ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ နော်ဝေ၊ ပြင်သစ်အပါအဝင်နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စီမံကိန်းများ၊ လေ့လာမှုများအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် ASEAN ပူးပေါင်းဆောင်ရွက်မှု၊ Mekong River Commission, Lancang-Mekong Cooperation စသည်တို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီးရေနှင့်ဆက်နွယ်သည့် အချက်အလက်များ စုဆောင်းခြင်းနှင့် လေ့လာမှုများ၊ စီမံကိန်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအကြား အချက်အလက်များမျှဝေကာ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အချက်အလက်များ ပိုမိုပြည့်စုံစွာဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို များစွာအထောက် အကူပြုနိုင်မည်ဖြစ်ပါကြောင်း။

ကော်မတီနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ ရေနှင့်ဆက်နွယ်သည့် လုပ်ငန်းဆောင်ရွက်မှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အခြားဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အကြံပြု ချက်များနှင့်ပတ်သက်ပြီး ကော်မတီဝင်များအနေဖြင့် တက်တက်ကြွကြွ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန်လိုပါကြောင်း၊ ဝန်ကြီးဌာနအဖွဲ့အစည်းများအကြားရေဆိုင်ရာ အချက်အလက်များကိုလည်း စနစ်တကျမျှဝေပေးကြရန်လိုပါကြောင်း၊ နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးရှိထိရောက်စေသည့် ရေအရင်းအမြစ်ဘက်စုံ စီမံခန့်ခွဲမှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ရှေ့လုပ် ငန်းစဉ်များအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင် ရာဝန်ကြီးဌာနအဖွဲ့အစည်းများမှလည်း ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။

ထို့နောက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်ကနွေရာသီတွင် ရေရှားပါးမှုပြဿနာကြုံတွေ့လာနိုင်မှု၊ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မှု၊ မြစ်ချောင်းများ ရေထု ညစ်ညမ်းမှုနှင့် မြစ်ချောင်းများအတွင်းအမှိုက်စွန့်ပစ်မှုများကာကွယ်ရေး၊ မြစ်ကြောင်း ထိန်းသိမ်းရေး၊ ကောင်းမွန်သည့် ရေဥပဒေထွက်ရှိရေးနှင့် ရေကြီးရေလျှံမှု လျော့ပါးရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အမျိုး သားအဆင့်ရေအရင်းအမြစ်ကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၃/၂၀၁၈)ဆုံးဖြတ်ချက်များ၊ ဆောင်ရွက်ပြီးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ဆဲဆုံးဖြတ် ချက်များ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရမည့်လုပ်ငန်းများ၊ ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်း၊ ရေဆိုင်ရာအချက်အလက်များမျှဝေခြင်း၊ ရေထု ညစ်ညမ်းမှု ထိန်းချုပ်ရေးအတွက် ဆောင်ရွက်သွားရမည့်လုပ်ငန်းများ၊ ကမ္ဘာ့ရေနေ့ အထိမ်း အမှတ်အခမ်းအနားကျင်းပရေး ပြင်ဆင်လျာထားမှု၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်းရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆည်၊ တမံများ တည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ ရေကြီးရေလျှံမှု လျော့နည်း စေရန်ဆောင်ရွက်သင့်သည့် အစီအမံများ၊ ရေဥပဒေရေးဆွဲရေးအတွက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ရွှေခရုမှတစ်ဆင့် ကူးစက်နိုင်သောရောဂါအား ကြိုတင်ကာကွယ်ရေးနှင့် အကြံပေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဝန်ကြီးဌာနအလိုက် သဘာဝဘေးအတွက် ရန်ပုံငွေများထည့်သွင်း လျာထားရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဦးတင်မြင့်၊ ဦးစိုးအောင်၊ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက မိုးရေစုဆောင်းခြင်း၊ စိမ့်စမ်းရေသွယ်ယူခြင်းစသည့် ရေရရှိရေးဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုနှင့် ရေကြီးရေလျှံမှုများသက်သာစေရန် ကနဦးဆောင်ရွက်ရမည့်လုပ်ငန်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သဘာဝရေထွက်များ ထိန်းသိမ်းထားရှိမှု၊ ရေသယံ ဇာတအရင်းအမြစ်များ စီမံအုပ်ချုပ်လုပ်ကိုင်နေမှု၊ ပြည်တွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးရေအားလျှပ်စစ်ထုတ်လုပ်မှုအခြေအနေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နှစ်စဉ်ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု၊ ကမ်းပြိုမှု၊ မြစ်ချောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ရေဥပဒေထွက်ရှိရေး၊ ရေကြီးရေလျှံမှုနှင့် ရေရှားပါးမှု လျော့နည်းသက်သာစေရေး လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရေဝေရေလဲ ထိန်းသိမ်းရေး လုပ်ငန်းများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းအလိုက် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ စီမံကိန်းလျာထားချက်များ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေသောလုပ်ငန်းများနှင့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတက ပြန်လည်သုံးသပ်ဆွေးနွေးရာတွင်ယနေ့အစည်းအဝေးတွင် ဆွေးနွေးတင်ပြသည့်အချက်များသည် အလေးထားဆောင်ရွက်ရန်နှင့် သတိပြုရန် အချက်များဖြစ်၍ ဆွေးနွေးတင်ပြသူများအားလုံးကို အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ၊ ကမ္ဘာ့ရေနေ့(World Water Day) အထိမ်းအမှတ် logo ၌ မိမိတို့နိုင်ငံ၏ အင်းလေးကန်ပုံကိုဖော်ပြခြင်းသည် ကမ္ဘာက မိမိတို့နိုင်ငံ၏ရေအရင်းအမြစ်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှုများအားတန်ဖိုးထားအသိအမှတ်ပြုခြင်းဖြစ်၍ မိမိတို့အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူရမည် ဖြစ်ပါကြောင်း၊ ရေနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရ၊ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီနှင့် ဆက်စပ်ဌာနအဖွဲ့အစည်းများအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုရလဒ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှေ့လျှောက်ရေနှင့်ပတ်သက်သည့် လုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ဆက်လက်ပြီး တက်ညီလက်ညီအားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်းပြောကြားကာအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

mdn