ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဘေရွန်ဘုရားကျောင်း၊ တာ့ပရွန်ဘုရားကျောင်းနှင့် အန်ကောဝပ်ဘုရားကျောင်းတို့သို့ သွားရောက်လေ့လာ

ဖနောင်ပင်  ၂၀  နိုဝင်ဘာ

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ဆီရမ်ရိမြို့ရှိ ဘေရွန်ဘုရားကျောင်း၊ တာ့ပရွန် ဘုရားကျောင်းနှင့် အန်ကောဝပ် ဘုရားကျောင်းတို့သို့ သွားရောက်၍ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ ဗိသုကာလက်ရာများနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းများကို ကြည့်ရှုလေ့လာသည်။

ဒုတိယသမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဖနောင်ပင်မြို့မှ ဆီရမ်ရိမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ ဆီရမ်ရိမြို့ ဒုတိယမြို့တော်ဝန် Mr. Pith Prakort နှင့် တာဝန်ရှိသူများက ဆီရမ်ရိအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

vp02

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဘေရွန်ဘုရားကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းတော်အတွင်းရှိ ရုပ်လုံးကြွပန်းချီများ၊ ရှေးဟောင်း ဗိသုကာလက်ရာများနှင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။

vp 01

ဆက်လက်၍ ၁၂ ရာစုနောက်ပိုင်း ၁၃ ရာစုအစောပိုင်း လက်ရာဖြစ်သည့် တာ့ပရွန်ဘုရားကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းတော်အတွင်းရှိ ရှေးဟောင်းအဆောက်အဦကြီးများ၊ ဗိသုကာလက်ရာများနှင့် ရှေးဟောင်းယဉ်ကျေးမှုပုံစံများ၊ နှစ်ရှည်ပင်ကြီးများမှ အဆောက်အအုံများအား ငုံလျက်ထိန်းသိမ်းထားရှိမှု အခြေအနေ၊ ရေရှည်တံ့ခိုင်မြဲသည့် ရှေးဟောင်း သုတေသနဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု နည်းပညာရပ်များကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။

vp 03

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် အန်ကောဝပ်ဘုရားကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းတော်အတွင်းရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ၊ ရုပ်လုံးကြွပန်းချီများ၊ ပန်းပုလက်ရာများနှင့် ဗိသုကာလက်ရာများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။

vp 05

အန်ကောဝပ်ကျောင်းတော်ကြီးအား ၁၂ ရာစုအစောပိုင်း၌ ဘုရင်သူရိယရာမ (၂)က မြေဧရိယာအကျယ်အဝန်း (၄၀၂) ဧကပေါ် တွင် တစ်တုံးလျှင် ၁ ဒသမ ၅ တန် အလေးချိန်ရှိ သဲကျောက်တုံး စုစုပေါင်း ၁၀ သန်းခန့်ဖြင့် နှစ်ပေါင်း ၃၀ အချိန်ယူ တည်ဆောက်ခဲ့ပြီး  အန်ကောဝပ်ဒေသရှိ အဆောက်အဦများအနက် အကြီးဆုံး ဖြစ်သည်။ အန်ကောဝပ်ဒေသအား ၁၉၉၂ ခုနှစ်တွင် UNESCO က ကမ္ဘာ့အံ့ဖွယ် အမွေအနှစ်ကြီးများစာရင်းတွင် ထည့်သွင်းခဲ့ပြီး ထိန်းသိမ်းထားသည်။

vp 04

ကမ္ဘာလှည့်ခရီးသည် ၂ ဒသမ ၆ သန်းခန့်သည် အန်ကောဝပ်ဒေသသို့ နှစ်စဉ် လာရောက်လည်ပတ်လျက်ရှိပြီး နောင်တွင် ကမ္ဘာလှည့်ခရီးသည် ၅ သန်းခန့်အထိ လာရောက်နိုင်ရေးအတွက် အန်ကောဝပ် ဘုရားကျောင်းအား ရေရှည်တည်တံ့ခိုင်မြဲရန် ဒေသခံပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ညနေပိုင်းတွင် ဒုတိယသမ္မတသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ မြန်မာစစ်သံမှူး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကား ပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

၁၄

ထို့နောက် ဒုတိယသမ္မတသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

သတင်းစဉ်