ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Sport Complex Indoor Stadium ၌ ကျင်းပရာ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ ဖွင့်လှစ်ပေးသည်။

 

 

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးခင်မောင်တင်၊ ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်၊ လာအိုနိုင်ငံ ပညာရေးနှင့် အား  ကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ Khamphay Sisavanh ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များ၊ ပြိုင်ပွဲကိုတရားမျှတစွာ ကျင်းပပေးကြမည့် International Technical Officers များနှင့် ဒိုင်/ဂျူရီများ၊ ပြိုင်ပွဲဝင်နိုင်ငံ အသီးသီးမှ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ စေတနာရှင်အလှူရှင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

 

 

ရှေးဦးစွာ နိုင်ငံကျော်တေးသံရှင်များက အဆုံးထိခရီးနှင်မယ်၊ အာရှသား၊ Youth & Friendship ၊ Hero ၊ မင်္ဂလာပါ၊ နာမည်ကျန်ရစ်နေမယ်နှင့် Youth and Friendship (Theme Song) တို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြသည်။

 

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများက တစ်ဆယ်မှ တစ်အထိ (Countdown) ဂဏန်းရေတွက်မှု အတိုင်း ပုံစံဖော်သရုပ်ပြမှုနှင့် ဖွင့်ပွဲအခမ်းအနားကို စတင်ကျင်းပသည်။

 

 

ထို့နောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် ထပ်ဆင့်အကယ်ဒမီ ဓီရာမိုရ်က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသားကျောင်းသူများနှင့် တွဲဖက်၍ “ဒါမြန်မာ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေ တင်ဆက် ကြသည်။

 

ယင်းနောက် အလံကိုင်အဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် အရှေ့တောင်အာရှ (၁၁)နိုင်ငံမှ အားကစား သမားများက ကွင်းအတွင်းသို့ ချီတက်နေရာယူကြသည်။

 

 

အားကစားသမားများ ကွင်းအတွင်း နေရာယူအပြီးတွင် ကွင်းအတွင်းရှိ အလံတိုင်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို ဦးစွာလွှင့်တင်ပြီး အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားကောင်စီအလံနှင့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားအလံတို့ကို လွှင့်တင်ကြသည်။

 

ထို့နောက် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြိုင်ပွဲကျင်းပရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အရှေ့တောင်အာရှတက္ကသိုလ်များအားကစားကောင်စီ အထွေထွေအတွင်းရေးမှူး Mr. Muhamad Mohd Hanif က ကျေးဇူးတင်စကားပြောကြားသည်။

 

 

ယင်းနောက် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်မိန့်ခွန်းပြောကြားရာတွင် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို (၂)နှစ် တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ပထမအကြိမ် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၁၉၈၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ စတင်ကျင်းပခဲ့ပါကြောင်း၊ ယခု(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့်ရရှိသည့် အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ နှင့် ပြည်သူတစ်ရပ်လုံး၏ ကိုယ်စားပြောကြားလိုပါကြောင်း၊ ယနေ့ကမ္ဘာတွင် “အားကစားသည် ထိရောက်ကောင်းမွန်သော သံတမန်လမ်းကြောင်း တစ်ခုဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ် သိက္ခာမြင့်မားမှုကို ပီပြင်စွာဖော်ထုတ်ပြသနိုင်ပြီး  နိုင်ငံတကာချစ်ကြည်ရေးကို အားမြှင့်ပေးသည့် နည်းလမ်းကောင်းတစ်ရပ်” ဖြစ်သည်မှာ အားလုံးအသိပင် ဖြစ်ပါကြောင်း။

 

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများမှတစ်ဆင့် အာဆီယံ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုများ ရရှိလာစေရေး၊ မိမိတို့၏ အားကစားစွမ်းရည်များကို ထုတ်ဖော်ပြသခွင့် ရရှိလာစေခြင်းဖြင့် အာဆီယံဒေသအတွင်း ထူးချွန် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ တက္ကသိုလ်အားကစားသမားများအကြား သက်ဆိုင်ရာ တက္ကသိုလ်အသီးသီး၏ အချက်အလက်များနှင့် ယဉ်ကျေးမှုဆိုင်ရာများကို အချင်းချင်း အပြန်အလှန် လေ့လာဖလှယ်ခွင့်ရရှိစေရေး တို့ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင် အာရှနိုင်ငံများအကြား အားကစားဖြင့် ချစ်ကြည်ရေးကို တိုးမြှင့်ခိုင်မာစေရန် ရည်ရွယ်ပြီး “လူငယ် နှင့် ချစ်ကြည်ရေး (Youth and Friendship)” ဆိုသည့် ဆောင်ပုဒ်ကို ချမှတ်ပြီး ယခုကဲ့သို့ ပြိုင်ပွဲကြီးကို လက်ခံကျင်းပရခြင်းဖြစ်ပါကြောင်း။

 

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၁)နိုင်ငံမှ အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမား စုစုပေါင်း(၂၀၇၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အားကစားနည်း (၁၇)နည်းကို ပြိုင်ပွဲပေါင်း (၂၀၁)မျိုးဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း။

 

ပြိုင်ပွဲကို အောင်မြင်စွာ လက်ခံကျင်းပနိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် ကျင်းပရေးကော်မတီများ၊ တာဝန်ရှိသူများက အတတ်နိုင်ဆုံး ပြည့်စုံအောင် ကြိုးပမ်းပြင်ဆင် ထားကြသကဲ့သို့ ဆက်ဆံရေးလုပ်အားပေး လူငယ်များကလည်း ကြွရောက်လာကြသော ဧည့်သည်တော်များ၊ အားကစားသမားများကို မြန်မာတို့၏ ယဉ်ကျေးပျူငှာမှု၊ ရင်းနှီးဖော်ရွေမှု များကို ပြသပြီး လိုအပ်သည်များ အနီးကပ်ကူညီပေးသွားကြမည် ဖြစ်ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်အားပေးကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များ၊ ပြိုင်ပွဲကို တရားမျှတစွာကျင်းပပေးကြမည့် International Technical Officers များနှင့် ဒိုင်/ဂျူရီများ၊ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ နှင့် အုပ်ချုပ်သူ/နည်းပြများ၊ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်နေကြသော တာဝန်ရှိသူများ၊ ဖျော်ဖြေရေး အစီအစဉ်များကို တင်ဆက်ပေး ကြသော ယဉ်ကျေးမှုအနုပညာရှင်များ၊ ဂီတပညာရှင်များနှင့် ပြိုင်ပွဲသတင်းများကို အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်လွှင့် ပေးကြမည့် မီဒီယာများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို စတင်ဖွင့်လှစ်ကြောင်း ကြေညာသည်။

 

ထို့နောက် အားကစားသမားများကိုယ်စား ဝူရှုးအားကစားသမား မစန္ဒီဦးနှင့် ဒိုင်လူကြီးများ ကိုယ်စား ကရာတေးဒိုင်လူကြီး ဒေါ်အိုလီဗာယင်းဝှာထောင်းလွယ်တို့က အာဆီယံနိုင်ငံအလံများ ခြံရံလျက် သတ်မှတ်စင်မြင့်၌ အားကစားသစ္စာအဓိဋ္ဌာန် ပြုကြသည်။

 

ဆက်လက်၍ မီးထွန်းညှိတိုင်ကို အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ၌ ဆုတံဆိပ်များရရှိခဲ့ကြသော ပြေးခုန်ပစ် ကြေးတံဆိပ်ဆုရှင် မသီသီမွန်က ကွင်းအတွင်း သယ်ဆောင်လာပြီး ကရာတေးဒို ငွေတံဆိပ်ဆုရှင် မသဇင်အေးနှင့် ပိုက်ကျော်ခြင်း ရွှေတံဆိပ် ဆုရှင် မောင်အောင်ပြည့်ထွန်းတို့က လက်ဆင့်ကမ်း သယ်ဆောင်ကြပြီး ပိုက်ကျော်ခြင်း ရွှေတံဆိပ် ဆုရှင် မောင်ဝေလင်းအောင်က ပင်မမီးရှုးတိုင်တွင် မီးထွန်းညှိပေးသည်။

 

ယင်းနောက် အာဆီယံနိုင်ငံများမှ အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ကြသည်။

 

ဆက်လက်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်နှင့် မန္တလေးတို့မှ ကျောင်းသားကျောင်းသူများက “မင်္ဂလာပါ AUG” ၊ “မြင်းခင်းတော်”၊ “လှပဆန်းမြိုင် နှစ်ပွင့်တစ်ခိုင်”၊ “သွေးချင်းတို့ရဲ့မြေ” နှင့် “ချစ်ကြည်ရင်းနှီးအားသစ်ခရီး” သီချင်းများဖြင့် တေးသရုပ်ဖော်ဖျော်ဖြေ တင်ဆက်ကြပြီး ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။ 

 

(သတင်းစဉ်)