ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော်  ၂၄  ဇန်နဝါရီ

           

၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၀ ပြည့်နှစ်၊ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

 

5

           

အစည်းအဝေးသို့  ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်မျိုး၊ ဦးခင်မောင်ဝင်း၊ ဦးဝင်းမော်ထွန်း၊ ဒေါက်တာဒေါ်မြလေးစိန်နှင့် ဦးလှမော်ဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဦးအောင်မြင်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်၊ တပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

           

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတက ယနေ့အစည်းအဝေးသည် ၂၀၂၀ ပြည့်နှစ်၊ ( ၇၃ )နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်အောင်မြင်မြင်ဖြင့် နိုင်ငံရေးအနှစ်သာရပိုမိုပြည့်ဝစွာ ကျင်းပဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ်ပြုလုပ်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တစ်ဝန်းလုံးတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတရုံးက ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် " ၂၀၂၀ ပြည့်နှစ်၊ ( ၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ " ကို ဒုတိယသမ္မတ အပါအဝင် အဖွဲ့ဝင် (၁၄)ဦးဖြင့်လည်းကောင်း " ၂၀၂၀ ပြည့်နှစ်၊ ( ၇၃ )နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ " ကို  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၁၉)ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း။

           

ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆပ်ကော်မတီ(၁၄)ခုကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

           

ဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် ( ၂၇ )ချက် ချမှတ်ခဲ့ရာ ထိုဆုံးဖြတ်ချက်များကို စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာဆပ်ကော်မတီ ( ၁၄ )ခုတို့က အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ “ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့မှုများနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် အစည်းအဝေး” ဆုံးဖြတ်ချက် (၁၅)ချက်အပေါ် သေချာစွာသုံးသပ်၍ အလေးထားကာ အသေးစိတ် ပြုပြင်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ တစ်နှစ်ထက်တစ်နှစ် ပိုမိုပြည့်စုံကောင်းမွန်လာကာ နိုင်ငံရေးအနှစ်သာရရှိရှိဖြင့် အောင်အောင်မြင်မြင် ကျင်းပ သွားနိုင်မည်ဖြစ်ပါကြောင်း။

           

မိမိတို့နိုင်ငံသည် တိုင်းတစ်ပါးနယ်ချဲ့လက်အောက်သို့ နှစ်ပေါင်းတစ်ရာကျော် ကျရောက်ခဲ့ရပြီး လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် အသက်၊ သွေး၊ ချွေးမြောက်မြားစွာ ပေးဆပ်၍ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရပါကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များက တောင်တန်း ပြည်မ မခွဲခြားဘဲ တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုစွမ်းပကားကို အခိုင်အမာ ဖော်ကျူးပြသသည့် အနေဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၂ ) ရက်နေ့တွင် ပင်လုံ ညီလာခံကို ကျင်းပခဲ့ပြီး ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကာ လွတ်လပ်ရေးကို အရယူခဲ့ ပါကြောင်း။

           

ထိုကဲ့သို့ လွတ်လပ်ရေးကို ရယူနိုင်ခဲ့ခြင်းသည် တိုင်းရင်းသားများအားလုံး၏ စည်းလုံးညီညွတ်မှုကြောင့်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် အဓိကသည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ပါကြောင်း၊ “ ပြည်ထောင်စုစိတ်ဓာတ် ” ကို စစ်မှန်သောမျိုးချစ်စိတ်ဓာတ် နှင့် ယှဉ်တွဲအဓိပ္ပာယ်ဖွင့်ဆိုခဲ့တာကိုလည်းတွေ့ရပါကြောင်း၊ “စစ်မှန်သောမျိုးချစ်စိတ်ဓာတ်” ဆိုသည်မှာ “ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ ခိုင်မြဲသည့် ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူသွားကြရန် အလွန်အရေးကြီးကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်သည်သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ် ထိန်းသိမ်းစောင့် ရှောက်သွားရမည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည်” ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့တာကို တွေ့ရပါကြောင်း။

           

ယနေ့ ပြောင်းလဲလာသော ခေတ်နှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာနက ရေးသားထုတ်ပြန်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ “ပြည်ထောင်စုတိုင်းရင်းသားအားလုံး ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှ ပူးပေါင်းနေထိုင်သည့် တစ်စည်းတစ်လုံးတည်းသော စိတ်ဓာတ်ဖြစ်သည်” ၊ ၎င်းအပြင် “ပြည်ထောင်စု၏ မည်သည့်နေရာတွင် နေထိုင်ကြသည် ဖြစ်စေ ပြည်ထောင်စုအတွင်း တစ်မြေတည်းနေ တစ်ရေတည်းသောက်၊ မရှိအတူ ရှိအတူ၊ အေးအတူပူအမျှ အတူတကွ စုပေါင်းနေထိုင်ကြသည့် တစ်မိသားစုတည်းဖြစ်သည်ဟူသော ခံယူချက်သည် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်သည်” ဟုလည်း ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် အနှစ်ချုပ်အားဖြင့်ပြောရလျှင် “ပြည်ထောင်စုစိတ်ဓာတ်” ၏ အဓိကအချက်မှာ “ပြည်ထောင်စုအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက်၊ အေးအတူ ပူအမျှ၊ မရှိအတူ ရှိအတူ တစ်စည်းတစ်လုံးတည်း အတူတကွ စုပေါင်းနေထိုင်သည့်စိတ်ဓာတ်” ပင်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားအားလုံး၏ သွေးစည်းညီညွတ်မှုကို အခိုင်အမာ ဖော်ကျူးပြသ နိုင်ခဲ့သော ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ကို “ပြည်ထောင်စုနေ့”  အဖြစ် သတ်မှတ်ခဲ့ရာ ယခုဆိုလျှင် (၇၃)နှစ် ရောက်ခဲ့ပြီဖြစ်ပါကြောင်း။

             

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် နိုင်ငံတော်အတွက် အသက်တမျှ အရေးကြီးကြောင်းနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအမြန်ရအောင် ဆောင်ရွက်ရာတွင်လည်း များစွာ အထောက်အကူပြုသည်ကို နောင်လာနောက်သားများ သိရှိစေရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းလည်းဖြစ်ပါကြောင်း။

 

5

           

၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို အခမ်းအနားအစီအစဉ် အပိုင်း (၂)ပိုင်းနှင့် ကျင်းပသွားမည်ဖြစ်ရာ ပထမပိုင်းအစီအစဉ်အနေဖြင့် နံနက်ပိုင်းတွင် “အလံတင် အခမ်းအနား”နှင့် “သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား” ၊ ဒုတိယပိုင်းအစီအစဉ်အနေဖြင့် ညနေပိုင်းတွင် “ ညစာစားပွဲနှင့် ဖျော်ဖြေရေးအခမ်းအနား ” တို့ဖြစ်ပါကြောင်း၊ အဆိုပါ အခမ်းအနားအစီအစဉ် အပိုင်း(၂)ပိုင်းကို တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဗဟိုကော်မတီ၊ စီမံခန့်ခွဲမှု ကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်အတွေ့ အကြုံများအပေါ်အခြေခံ၍ မိမိတို့၏ လုပ်ငန်းတာဝန်များကို အောင်မြင်အောင် စနစ်တကျ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရန် ပြောကြားလိုပါကြောင်း။

           

ထို့ပြင် အခမ်းအနားသို့ လာရောက်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီဥက္ကဋ္ဌများနှင့် ပါတီခေါင်းဆောင်များ တည်းခိုနေထိုင်မည့်နေရာများတွင် သန့်ရှင်းသပ်ရပ် ပြီး အမြင်တင့်တယ်စေရေး၊ စားသောက်နေထိုင်ရေးနှင့် သွားလာမှုအဆင်ပြေစေရေးတို့ အတွက် ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အတွက် နိုင်ငံတော်က ချမှတ်ပေးထားသည့် အမျိုးသားရေးဦးတည်ချက် (၅)ရပ်၏ အနှစ်သာရကို ပြည်သူများ သိရှိနားလည် နိုင်ရေးအတွက် နိုင်ငံပိုင်မီဒီယာများဖြစ်သည့် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ စာနယ်ဇင်းများ အားလုံးမှ ပြန်ကြား၊ ဖျော်ဖြေ၊ ပညာပေးအစီအစဉ် အမျိုးမျိုးဖြင့် တင်ဆက်ထုတ်လွှင့် နိုင်ရေးနှင့် လက်ရှိကာလ ပြည်ထောင်စုအစိုးရအဖွဲ့၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များနှင့် အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များကို ပေါ်လွင်စေသည့် နောက်ခံရုပ်ပုံများကိုလည်း ထည့်သွင်းဖော်ပြ သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

           

ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် လုံခြုံရေးကို ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ရှုမြင်ပြီး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် အခမ်းအနားအားလုံးအတွက် A Plan အပြင် B Plan ကိုပါ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီမံခန့်ခွဲမှုကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီး လစ်ဟာမှုမရှိစေရေး ဆောင်ရွက်သွားရန်နှင့် အခက်အခဲများရှိပါက စီမံခန့်ခွဲမှုကော်မတီမှတစ်ဆင့် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

           

၂၀၂၀ ပြည့်နှစ်၊ ( ၇၃ )နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက် (၅)ရပ်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပုဂ္ဂိုလ်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားသည်။

           

ထို့နောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဝင်းက ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဗဟိုကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

           

ယင်းနောက် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့က ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ “အလံတင် အခမ်းအနား” နှင့် “ညစာစားပွဲနှင့်ဖျော်ဖြေရေးအခမ်းအနားများ” နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

           

ဆက်လက်၍ လုံခြုံရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်၊ ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက လည်းကောင်း၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဆပ်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးကလည်းကောင်း၊ သဝဏ်လွှာပြုစုရေး ဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်းကောင်း၊ ဘဏ္ဍာရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ကလည်းကောင်း၊ ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက လည်းကောင်း၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်က လည်းကောင်း၊ အလံတင်အခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးဗိုလ်မှူးကြီး ဗိုလ်မှူးကြီးသိန်းဇော်က လည်းကောင်း၊ မြေစိုက်ပိုစတာများ စိုက်ထူရေးဆပ်ကော်မတီ ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးဆန်းနိုင်ကလည်းကောင်း၊ ညစာစားပွဲဖျော်ဖြေရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အမြဲ တမ်းအတွင်းဝန် ဦးထွန်းအုံတို့က လည်းကောင်း၊ ကျန်းမာရေးဆပ်ကော်မတီ၏ ဆောင်ရွက် ထားရှိမှုအခြေအနေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက လည်းကောင်း၊ ညစာစားပွဲ ခင်းကျင်းကျွေးမွေးရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကလည်းကောင်း၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးကလည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထား ရှိမှုအခြေအနေများကို နေပြည်တော်စည်ပင် သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က လည်းကောင်း၊ ပြန်ကြားရေးဆပ်ကော်မတီ၏ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က လည်းကောင်း သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

           

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်နှင့် ဒေါက်တာ မြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်မျိုးနှင့် ဦးလှမော်ဦး၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် ဗိုလ်မှူးကြီး မင်းနောင်တို့က ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားများ အောင်မြင်စွာကျင်းပရေးအတွက် လိုအပ်သည်များကို အကြံပြုဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

           

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။       

 

( သတင်းစဉ် )