ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၃၀  သြဂုတ် 

 

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးသာဦး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ၏ စတုတ္ထ အကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးဦးဆောင်ကော်မတီကို ဒုတိယသမ္မတ ဦးဆောင်၍ (၁၃)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန် (၇)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။

 

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီ၏ စီမံကွပ်ကဲမှုအောက်တွင် လုပ်ငန်းကော်မတီကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ (၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၆)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ဦးဆောင်ကော်မတီကို အထောက်အပံ့ဖြစ်စေရန်နှင့် လုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်ဆိုင်ရာ နည်းပညာဆပ်ကော်မတီ၊ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်ဆိုင်ရာဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်း ဆပ်ကော်မတီနှင့် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုထရန်စပွန်ဒါငှားရမ်းရေးဆပ်ကော်မတီ စသည့် ဆပ်ကော်မတီ (၃)ခုကိုလည်း ဖွဲ့စည်းဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။

 

ဦးဆောင်ကော်မတီအနေဖြင့် အစည်းအဝေး (၃)ကြိမ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်ပေါင်း (၁၆)ချက် ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက် (၁၆)ချက်အနက် ဆောင်ရွက်ပြီး (၁၃)ချက်နှင့် ဆောင်ရွက်ဆဲ (၃)ချက်ဖြစ်ပြီး ဆောင်ရွက်ဆဲလုပ်ငန်းများသည် အချိန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့်အတွက် အချိန်ကာလသတ်မှတ်၍  အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအဆင့်အနေဖြင့် အခြားနိုင်ငံက ပိုင်သည့် ဂြိုဟ်တုထရန်စပွန်ဒါကို ငှားရမ်းပြီး ငွေပေးချေသောစနစ်ဖြစ်ပြီး လက်ရှိတွင် MyanmarSat-1 ကို ငှားရမ်းသုံးစွဲနေပါကြောင်း။ 

ဒုတိယအဆင့်အနေဖြင့် အချိုးကျပူးတွဲပိုင်ဆိုင်သည့်စနစ်ဖြစ်ပြီး ၎င်းစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန နှင့် Intelsat Global Sales & Marketing Limited တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြပါကြောင်း။

 

၎င်းစာချုပ်တွင် ကုန်ကျမည့်ငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းဖြစ်ပြီး အဆိုပါငွေပမာဏ၏ (၃၀)ရာခိုင်နှုန်းကို ၂၀၁၈ ခုနှစ်၊ (၆)လ ဘတ်ဂျက်တွင် နှစ်ကြိမ် ပေးချေရမည်ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၅၀)ရာခိုင်နှုန်းကို လေးကြိမ်ခွဲ၍ ပေးချေ ရမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိသည့် (၂၀)ရာခိုင်နှုန်းကို နှစ်ကြိမ်ခွဲ၍ ပေးချေရမည်ဖြစ်ပါကြောင်း။

 

အချိုးကျပူးတွဲပိုင်ဆိုင်မည့် MyanmarSat-2 ဂြိုဟ်တုကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် နည်းပညာအသစ်များဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ယခင်ထက်ပိုမိုအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊ အဆိုပါဂြိုဟ်တုတွင် မြန်မာနိုင်ငံအနေဖြင့် C-Band (၆)ခုအတွက် လိုင်းအင်အားပေါင်း 432 MHz နှင့် Ku Band (၆)ခုအတွက် လိုင်းအင်အားပေါင်း 432 MHz ၊ စုစုပေါင်း လိုင်းအင်အား 864 MHz ကို အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဂြိုဟ်တု Channel ငှားရမ်းခ နိုင်ငံခြားငွေပေးချေမှုသက်သာစေရန်နှင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားကဏ္ဍများတွင် အကျိုးရှိစွာအသုံးပြုနိုင်စေရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို စနစ်တကျ ရေးဆွဲဆောင်ရွက်သွားကြရန်နှင့် အစီအမံများ ရေးဆွဲရာတွင်လည်း စီးပွားရေးတွက်ခြေကိုက်မှု၊ ဖြစ်ပေါ်လာနိုင်မည့် အကျိုး၊ အပြစ်များနှင့် အခြားအကျိုးသက်ရောက်နိုင်မှုအခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

 

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့၌ ကျင်းပခဲ့သည့် နည်းပညာဆပ်ကော်မတီ အစည်းအဝေးတွင် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက သက်ဆိုင်ရာဌာနများကို Migration Plan Schedule နှင့် စက်ပစ္စည်းများအခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပြီးဖြစ်သည်ဟု သိရပါကြောင်း၊ ၎င်းလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် စီမံချက် ချမှတ်ဆောင်ရွက်စေလိုပါကြောင်း။

 

တတိယအဆင့်အနေဖြင့် မြန်မာနိုင်ငံမှ အလုံးစုံပိုင်ဆိုင်သည့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်မှု ဖြစ်ပါကြောင်း၊ အဆိုပါအဆင့်ကို အသုံးပြုမည့်ဂြိုဟ်တု Channel များပြားလာသည့်အချိန်နှင့် နည်းပညာအတွေ့အကြုံများ ကြွယ်ဝပြီး ကိုယ်ပိုင်ထိန်းချုပ်နိုင်သည့်အချိန်တို့တွင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ပါက ကုန်ကျစရိတ်များပြားသည့်အတွက် ပထမဦးစားပေးလျာထားမှုအနေဖြင့် ကုန်ကျစရိတ်သက်သာသော Earth Observation Micro-Satellite အမျိုးအစားဂြိုဟ်တုကို လွှတ်တင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုပါဂြိုဟ်တု လွှတ်တင်ရေးအတွက် ဂျပန်နိုင်ငံ၊ Hokkaido တက္ကသိုလ်က ကမ်းလှမ်းထားသည်ဟု သိရှိရပါကြောင်း။

 

“Earth Observation Micro-Satellite လွှတ်တင်ရန်” အတွက် ဂြိုဟ်တုတွင် တပ်ဆင် အသုံးပြုမည့် Payload Camera နှင့် Sensor များ၏ Specification များကို သတ်မှတ်ပေးရန် အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်ကို သိရှိရပါကြောင်း၊ အဆိုပါ ဂြိုဟ်တုတွင် တပ်ဆင်မည့် စက်ပစ္စည်းများကို သတ်မှတ်ပြီးပါက ဂျပန်နိုင်ငံ၊ Hokkaido တက္ကသိုလ်သို့ ပြန်လည်ပေးပို့ပြီး ကုန်ကျစရိတ်များကို စိစစ်၍ လိုအပ်သည့် Process များနှင့် အကောင်းဆုံးဖြစ်နိုင်မည့် ငွေပေးချေမှုနည်းလမ်းများကို ရွေးချယ်ကာ ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း။

 

Space Agency ထူထောင်နိုင်ရေးအတွက်လည်း Space Law များ စုဆောင်း ပြင်ဆင်နိုင်ရန်နှင့် Earth Observation Micro-Satellite လွှတ်တင်နိုင်ရေးတို့အတွက် လိုအပ်ပါက ဆပ်ကော်မတီများ ထပ်မံဖွဲ့စည်းသွားရန် ပြောကြားလိုပါကြောင်း။

 

ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် အချိုးကျ ပူးတွဲပိုင်ဆိုင်သောစနစ်ဖြစ်သည့် MyanmarSat-2 ဂြိုဟ်တုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သော ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်နိုင်မည့် နည်းလမ်းများ အတွက် လိုအပ်သော အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့် ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးသာဦး၊ အမြဲတမ်းအတွင်းဝန်များ၊ ဆပ်ကော်မတီဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်မည့်အခြေအနေများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)