ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်  ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ (ပထမနှစ်) သင်တန်းသား၊ သင်တန်းသူများ အတည်ပြုရွေးချယ်

ရန်ကုန် ၈ နိုဝင်ဘာ

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် (ပထမနှစ်) သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား အတည်ပြု ရွေးချယ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) သို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း (၄၅) ကျောင်းမှ အခြေခံပညာ အထက်တန်း အောင်မြင်ပြီး သတ်မှတ် အမှတ်ပြည့်မီသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများအား ဝင်ခွင့်ရေး ဖြေစာမေးပွဲကို သက်ဆိုင်ရာဒေသများတွင် ဝင်ရောက်ဖြေဆိုစေခဲ့ကာ ရေးဖြေအောင်မြင်သူများအနက် ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်နှင့်ကိုက်ညီသော တိုင်းရင်းသား/ တိုင်းရင်းသူများကို ဦးစားပေး၍ သက်ဆိုင်ရာပြည်နယ် /တိုင်းဒေသကြီး သင်တန်းသား ရွေးချယ်ရေးကော်မတီများမှ ပဏာမ ရွေးချယ်ခဲ့ပြီးနောက် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီသို့ တင်ပြအတည်ပြုပြီး သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သောအဖွဲ့မှ လူတွေ့ စိစစ်၍ အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်သည်။

 

ယခုပညာသင်နှစ်တွင် ဒီဂရီကောလိပ် (ရန်ကုန်) အတွက် သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီက စိစစ်ရွေးချယ်ပေးခဲ့သော မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ဝေးလံခေါင်ပါးသော နယ်စပ်ဒေသများမှ သင်တန်းသား၊ သင်တန်းသူ (၃၆၇) ဦးအား ဝိဇ္ဇာ၊ သိပ္ပံဘွဲ့(၄)နှစ်၊ A.G.T.I ဒီပလိုမာ (၃) နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးပါက ဘွဲ့၊ ဒီပလိုမာများ အပ်နှင်းပေးပြီး ဝန်ကြီးဌာနများတွင် အကြီးတန်းစာရေးအဆင့်တူ ရာထူးနေရာများတွင် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပထမနှစ်သင်တန်းသားများ ထားရှိမည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများ၊ အင်ဂျင်နီယာ လက်တွေ့အလုပ်ရုံများ၊ ဒီဂရီကောလိပ်ဆေးခန်း၊ ကျောင်းဝင်းအတွင်း ကိုယ်လက်ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် အားကစားကွင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးသည်။

 

(သတင်းစဉ်)