ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်း ကြည့်ရှုစစ်ဆေး

နေပြည်တော်  ၁   မတ်

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်းပေါ်ရှိ တီယာန်ဇွပ်တံတား၏ ကြံ့ခိုင်မှု၊ (၉၉)ကီလိုမီတာနှင့် (၁၀၀) ကီလိုမီတာအကြား လမ်းအကွေ့များ စက်ယန္တရားများဖြင့် လမ်းဖြောင့်ပြီး Gradient နိမ့်ချခြင်းဆောင်ရွက်နေမှု၊ (၁၆၇) ကီလိုမီတာတွင် (၁၈)ပေအကျယ် ကွန်ကရစ်လမ်းခင်းရန် ခွဲကျောက်များဖြင့် Sub-Base ခင်းနေမှု၊ ဆီနင်ခတံတားကို အကျယ် ၂၀၄ ပေရှိ သံကူကွန်ကရစ် တံတားတည်ဆောက်နေမှု၊ (၁၆၉) ကီလိုမီတာတွင် သံကူကွန်ကရစ် Box Culvert တည်ဆောက်နေမှုနှင့် ကွန်ကရစ်လမ်းခင်းရန် Sub-Base ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တည်ဆောက်ပြီး တံတားများ၏ ရေစီး ရေလာများကို မိုးတွင်းတွင် စောင့်ကြည့်ရန်၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် မြေသားလမ်းချဲ့ခြင်းလုပ်ငန်းများတွင် Side-Drain များ Function ဖြစ်အောင် စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို လမ်းပေါ်ရှိ (၁၉၂)ကီလိုမီတာတွင် အကျယ်(၁၈)ပေရှိ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှု၊ အရှည် ၃၁၁ ပေရှိ ဖုန်အင်သံကူကွန်ကရစ်တံတား၊ အရှည်ပေ ၂၄၀ ရှိ ဖုန်ချန်ကွန်ကရစ်တံတားနှင့် အရှည်ပေ ၂၂၀ ရှိ ဆွမ်ပီယန်သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်းသည် အရှည် ၂၁၈ မိုင်ရှိပြီး ယခုဘဏ္ဍာနှစ် တွင် (၃၆) မိုင်ကို (၁၈)ပေအကျယ် ကွန်ကရစ်လမ်း၊ ကျန်ရှိသည့် (၇)မိုင်ကို အမာခံလမ်းအဖြစ် ဆောင်ရွက်ပြီးဖြစ်၍  ယခုမိုးရာသီမှစတင်ကာ မြစ်ကြီးနားမှ ပူတာအိုအထိ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ပြီး တည်ဆောက်ဆဲ တံတား (၄)စင်းအနက် (၃)စင်းကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)