ဒုတိယဝန်ကြီး ဦးအောင်ထူး INDO ASEAN Oceanic Business Summit & Expo ဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော် ၄ ဩဂုတ်

 

အိန္ဒိယနိုင်ငံ၊ Confederation of Indian Industry (CII) မှ ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပသော INDO ASEAN Oceanic Business Summit & Expo ဆွေးနွေးပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Guest of Honor အဖြစ် တက်ရောက် အမှာစကားပြောကြားသည်။

 

ဒုတိယဝန်ကြီးက ယခုအခမ်းအနားသည် အိန္ဒိယ၊ အာဆီယံ၊ အာရှ ပစိဖိတ်နိုင်ငံများအကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များနှင့်အညီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည့် အစီအစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်သည် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် သဘောတူလက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားပါကြောင်း၊ ထိုသို့ရေးထိုးနိုင်ပါက ပွင့်လင်း၍ အလုံးစုံပါဝင်သည့် နိုင်ငံစုံ ကုန်သွယ်မှုစနစ်ကို ပိုမိုပေါင်းစည်းပါဝင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဒေသလည်း ဖြစ်လာမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးသက်ရောက်မှုများအား တုံ့ပြန်နိုင်ရန်၊ ကိုဗစ်-၁၉ အလွန် New Normal ပုံစံသစ်တွင် ပိုမိုကြံ့ခိုင်၍ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာစေရန်တို့အတွက် အပြန်အလှန်လေးစားယုံကြည်မှုဖြင့် ပူးပေါင်းလက်တွဲ ရင်ဆိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ ကပ်ရောဂါကာလအတွင်း အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးစနစ်သည် ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါသောကဏ္ဍတစ်ရပ် ဖြစ်လာသည်ကို မြင်တွေ့ရပြီး စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးချဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကြောင့် စီးပွားရေးပြန်လည်ကုစားမှု အစီအမံများကို မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက် (MSDP) နှင့်အညီ ရေးဆွဲဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ၌ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဆိပ်ကမ်းများအား အိန္ဒိယနှင့် ပင်လယ်ကမ်း ဒေသနိုင်ငံ ဆိပ်ကမ်းများနှင့် ချိတ်ဆက်နိုင်ရန် တည်ဆောက်လျက်ရှိပါကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ အိန္ဒိယနိုင်ငံမှ Hon’ble Minister of State ဖြစ်သူ Mr. Hardeep Singh Puri၊ အိန္ဒိယ၊ ဖီဂျီ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ သံအမတ်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်