ဒုတိယဝန်ကြီး ဦးအောင်ထူး မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဒုတိယအကြိမ် အသင်းသားစုံညီ နှစ်ပတ်လည် အခမ်းအနားနှင့် ပြည်တွင်းဆီစက်များ၏ ထုတ်ကုန်ပြပွဲသို့တက်ရောက်

နေပြည်တော် ၆  ဇန်နဝါရီ 

 

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ ဒုတိယအကြိမ် အသင်းသားစုံညီ နှစ်ပတ်လည်အခမ်းအနားနှင့် ပြည်တွင်းဆီစက်များ၏ ထုတ်ကုန်ပြပွဲအား ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားမစတင်မီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ပြည်တွင်း ဆီစက်များ၏ ထုတ်ကုန်ပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။ 

 

ထို့နောက် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ ဒုတိယအကြိမ် အသင်းသား စုံညီနှစ်ပတ်လည် အခမ်းအနား၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် ကုန်သွယ်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးတို့တွင် အဓိကဆောင်ရွက်နေသည့် ဝန်ကြီးဌာန ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံဆီစက်များနှင့်ပတ်သက်၍ စက်မှုဇုန်များတွင် ဆီစက်အရေအတွက် ကျဆင်းနေသည်ကို တွေ့ရပါကြောင်း၊ ယခင်က ဆီအမြောက်အများ ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုအခါ ပြည်ပမှ ၇၀ ရာခိုင်နှုန်းခန့် တင်သွင်းနေရပါကြောင်း၊ ဆီစက်လုပ်ငန်းများကျဆင်းလာမှုကို လေ့လာကြည့်ပါက ပြည်ပမှ စားသုံးဆီများအား စျေးနှုန်းသက်သာစွာ သုံးစွဲနေကြခြင်းကြောင့်ဖြစ်သဖြင့် စားသုံးဆီသုံးစွဲမှုနှုန်းလည်းမြင့်မား လာခဲ့ပါကြောင်း၊ ထို့ပြင် ပြည်တွင်းမှ ပဲဆီ၊ နှမ်းဆီအချို့တွင်လည်းစားသုံးဆီများ ရောနှော၍ ပဲဆီ၊ နှမ်းဆီရနံ့များထည့်သွင်းအသုံးပြုရောင်းချနေကြသည်ကို တွေ့ရှိရပြီး စားသုံးသူများ၏ ကျန်းမာရေးလည်းထိခိုက်လာနိုင်ပါကြောင်း၊ ပြည်တွင်းပဲဆီ၊ နှမ်းဆီများစျေး နှုန်းယှဉ်ပြိုင်နှိုင် စွမ်းရှိစေရန် ထုတ်လုပ်မှုစရိတ်ကျဆင်းအောင် ပဏာမ ဆောင်ရွက်ရ မည်ဖြစ်ပြီး ကုန်ကြမ်းအထွက်နှုန်းတိုးတက်စေရန်နှင့် ဆီထုတ်လုပ်မှုမြင့်မား လာစေရန် လည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

ထို့ပြင် ဆီစက်လုပ်ငန်းများသည် ပြည်တွင်းရှိတိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်အစားအစာများလည်း ထုတ်လုပ်ပေးနိုင်ပြီး ပြည်တွင်းကုန်ထုတ် လုပ်ငန်းများကိုလည်းများစွာ အထောက်အကူဖြစ်စေပါကြောင်း၊ သို့ဖြစ်ပါ၍ Good Manufacturing Product ဖြစ်စေရန် အရည်အသွေးအား ဂရုပြုဆောင်ရွက်ရမည်ဖြစ်ပြီး ဆီထွက်နှုန်းတိုးမြှင့်စေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပဲနှင့်နှမ်းတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပြည်တွင်း ထုတ်လုပ်သည့် ဆီများအား Hazard Analysis and Critical Control Points (HACCP) Certificate ရရှိသည့် အထိဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆီအတုအပများသည် ကျန်းမာရေးအားထိခိုက်နိုင်သဖြင့် စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်းပြောကြားသည်။

 

ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့သို့ ရောက်ရှိခဲ့ပြီးPyinOoLwin Centre ဖွင့်လှစ်နိုင် ရေးဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းနှင့် သီးနှံအလိုက် အစုအဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့သစ်သီး ဝလံပန်းမန်များအား အရည်အသွေးမီစံနှုန်းများနှင့်အညီ စိုက်ပျိုးထုတ်လုပ်၍ နိုင်ငံတကာ စျေးကွက်သို့ တိုးမြှင့်တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာတို့အကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာနလက်အောက်ရှိမျိုး ပိုးဥနှင့် ပိုးဥသုတေသနခြံ၊ ပြင်ဦးလွင်မြို့သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး ပိုးစာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

Expo & Anni