ဒုတိယဝန်ကြီး ဦးလှကျော် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

mdn

နေပြည်တော်  ၂၂  နိုဝင်ဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Zhang Guohua နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

 

တွေ့ဆုံစဉ် တရုတ်-မြန်မာနှစ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးထွက်ကုန်  တင်ပို့မှုဆိုင်ရာကိစ္စ၊ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုအပြင် ဆန်ကွဲနှင့် ပြောင်းတင်ပို့နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စ၊ မဲခေါင်-လန်ချန်းနိုင်ငံများ၏ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများအား တရားဝင် နယ်စပ်ကုန်သွယ်မှုအတွက် တိရစ္ဆာန်ဆေးကုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ငါးလုပ်ငန်းဦးစီးဌာနက စီးပွားဖြစ်မွေးမြူထုတ်လုပ်လျက်ရှိသည့် ငါး/ ပုစွန် (၂၁)မျိုးအပြင် အမျိုးအစား (၁၀ဝ)ကျော် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံ (GACC) နှင့် ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စ၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား စိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် တည်ငြိမ် ခိုင်မာသောဈေးကွက်ရရှိနိုင်ရေး၊ ဘိန်း အစား ထိုးသီးနှံစိုက်ပျိုးရေးဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စ၊ စိုက်ပျိုးရေးသိပ္ပံနည်း ပညာစံပြဇုန်နှင့် ဆက်စပ်သည့်  ခေတ်မီ အဆင့်မြင့်လယ်ယာများဖော်ထုတ်ခြင်းနှင့် အဆင့်မြင့် လယ်ယာသုံး စက်ကိရိယာများ ကူညီဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာကိစ္စ၊ နည်းပညာစံပြ ဇုန်များတွင် မြေဆီလွှာ အာဟာရဓာတ်များတိုင်းတာနိုင်‌ရေးနှင့် သီးနှံပင် ဓာတုဓာတ်ကြွင်း စစ်ဆေးနိုင်ရေး တို့အတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြကြောင်းသိရသည်။

 

(သတင်းစဉ်)