ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ရှင်းရီမြို့တွင် ကျင်းပသည့် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာတောင်တန်း ခရီးသွားလုပ်ငန်းနှင့် ပြင်ပအားကစား အဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်

 


နေပြည်တော်၊ စက်တင်ဘာ ၁၉

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် တာဝန်ရှိသူများနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ရှင်းရီမြို့တွင် စက်တင်ဘာ (၁၅) ရက်မှ (၁၆) ရက်အထိ ကျင်းပသည့် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ တောင်တန်း ခရီးသွားလုပ်ငန်းနှင့် ပြင်ပအားကစားအဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးသို့တက် ရောက်သည်။
 
ဒုတိယဝန်ကြီးသည် စက်တင်ဘာ (၁၅) ရက်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ တောင်တန်း ခရီးသွားလုပ်ငန်းအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် တစ်နှစ်ပတ်လုံး သွားလာလည်ပတ်နိုင်သော ခရီးစဉ်ဒေသ တစ်ခုဖြစ်သည့်အပြင် ပထဝီဝင်အနေအထားအရ အလွန်စုံလင်ပြီး တောင်တန်းခရီးသွား လုပ်ငန်းဆိုင်ရာလှုပ်ရှားမှုများ ဆောင်ရွက်နိုင်သည့် နေရာဖြစ်သော မြန်မာပြည်မြောက်ဖျားမှ နှင်းဖုံးတောင်တန်းများမှသည် တောင်ဖက်ပိုင်းတွင် သဘာဝအတိုင်းတည်ရှိနေသည့် ပင်လယ်များ အထိ ပိုင်ဆိုင်ထားပါကြောင်း၊ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုကို အခြေခံသည့် ခရီးသွားလုပ်ငန်းကို အဓိက ဆောင်ရွက်သည်ဆိုသော်လည်း သဘာဝ အခြေခံခရီးသွားလုပ်ငန်းဆိုင်ရာလှုပ်ရှား မှုများကိုလည်း ဆောင်ရွက်နိုင်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကခရီးသွား ဈေးကွက် နိုင်ငံတစ်ခုဖြစ်သဖြင့် တရုတ်နိုင်ငံသား ခရီးသွားများ မြန်မာနိုင်ငံသို့ လွယ်ကူစွာ လာရောက်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ သြဂုတ် (၃၀) ရက်မှစတင်ကာ တရုတ်ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် သဘာဝအရင်းအမြစ်များ၊ ယဉ်ကျေးမှုများ ဆင်တူမှုရှိသည့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့်အတွက် တောင်တန်းခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အတူတကွ ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ရေရှည်တည်တံ့ခိုင်မြဲသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ခေါင်းဆောင်များနှင့်အတူ ကွေ့ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Bingjun ကိုတွေ့ဆုံ နှုတ်ဆက်ခဲ့ကြပြီး ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးသည် စက်တင်ဘာ (၁၆) ရက်တွင် ကျင်းပသော ကမ္ဘာပေါ်တွင် ထင်ရှားသော တောင်တန်းများအကြား ဆွေးနွေးပွဲ၊ အပြည်ပြည်ဆိုင်ရာ တောင်တန်းခရီးသွား လုပ်ငန်းနှင့် ပြင်ပအားကစားညီလာခံနှင့် အဖွဲ့ချုပ်၏ကွန်ဖရင့်သို့တက်ရောက်ခဲ့သည်။ အဆိုပါ ကွန်ဖရင့်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး Mr. Hu Heping ၊ မော်လဒိုက်နိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ တောင်တန်းခရီးသွားလုပ်ငန်းဆိုင်ရာ မြို့တော်များ တည်ဆောက်ရေး ဖိုရမ်သို့ တက်ရောက်ခဲ့သည်။

 

mdn

 

ဆွေးနွေးပွဲများသို့ တောင်တန်းခရီးသွားလုပ်ငန်း ဆောင်ရွက်နေသော နိုင်ငံများမှ ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်