ဒုတိယဝန်ကြီး ဦးဝင်းရှိန် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ကြည့်ရူစစ်ဆေး

ရန်ကုန် မေ ၉

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် အလုပ် သမားညွှန်ကြားရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများ နှင့်အတူရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) ၌ ဂဟေဆက်မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချနေမှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေး အစီအစဉ် များကို လျာထားချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။ 

စစ်ဆေးစဉ် သင်တန်းကျောင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လက်ရှိဖွင့်လှစ်နေသော လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်း၊ ဂဟေဆက်သင်တန်း၊ လေအေးပေးစက်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း၊ မော်တော် ယာဉ်စက်ပြင်သင်တန်းနှင့် ကြွေပြားကပ်သင်တန်း စသည့် သင်တန်း (၅) မျိုးနှင့် ဟိုတယ်နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အပါအဝင် သင်တန်းအမျိုးအစား (၆) မျိုးအတွက် သင်တန်းသား (၅၀၀) ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကျွမ်းကျင် မှုစစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ်အား (၁၂) ကြိမ်ဖြင့် ဖြေဆိုသူလုပ်သား (၃၀၈) ဦးကို စစ်ဆေးပေးရန် လျာထားကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက်ဒုတိယဝန်ကြီးက လူငယ်များအတွက် ကျွမ်းကျင်လုပ်သားများအဖြစ် သက်ဆိုင်ရာ လုပ်ငန်း ကဏ္ဍများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာ သင်ယူမှုအခွင့်အလမ်းများ တိုးတက်ရရှိစေရန်နှင့် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များ ရရှိစေရန် တိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်းပြီး သင်တန်းများ တိုးချဲ့ဖွင့်လှစ်သွားရန်၊ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များ အောင်မြင်စေရေး အလေးထားဆောင်ရွက်ရန်၊ နည်းပြဆရာများ အနေဖြင့် သက်ဆိုင်ရာ ကျွမ်းကျင် မှုအတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာကြရန်နှင့် သင်တန်းကျောင်း အဆင့်မြှင့်တင်ရေး၊ နည်းပြများအရည်အသွေး တိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရန်တို့ကို မှာကြားပြီး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်