ဒူတာတေးက ကုလသမဂ္ဂ အခွင့်အရေးကျွမ်းကျင်သူများကို “ ငရဲကိုသွား ”ဟု ပြောခဲ့

မနီလာ   ၃  ဇွန်

နိုင်ငံ၏ထိပ်တန်းတရားသူကြီးကို သတိပေးခြိမ်းခြောက်ခဲ့သည့် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကို ဝေဖန်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ဖိလစ်ပိုင် သမ္မတ ရိုဒရီကို ဒူတာတေးက ကုလသမဂ္ဂအခွင့်အရေး ကျွမ်းကျင်သူများကို “ငရဲကိုသွား” ဟု ပြောခဲ့သည်။

တရားသူကြီးများနှင့်ဥပဒေသမားများလွတ်လပ်ခွင့်ဆိုင်ရာ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် ဒီဂိုဂါစီယာစေယန်က ယခင်တရားသူကြီးချုပ် မာရီယာလော့ဒက်စ်ဆီရီနိုကို ဆန့်ကျင်သည့် သမ္မတ၏ ကြေညာချက်သည် တရားရေးမဏ္ဍိုင်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုဖြစ်ကြောင်း ပြောပြီးနောက် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက ယခုကဲ့သို့ ကြမ်းတမ်းသည့်စကားကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဆီရန်နိုကို သူ၏ရန်သူအဖြစ်ပွင့်လင်းစွာပြောကြားပြီး သိပ်မကြာခင် လွန်ခဲ့သောလက ဆီရန်နို၏လုပ်ဖော်ကိုင်ဖက်များက ရုံးမှ ဆီရန်နိုကို ထုတ်ပယ်ရန် ဆန္ဒမဲပေးခဲ့သည်။

“ကျွန်ုပ်နိုင်ငံရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့လို့ ဂါစီယာစေရန်ကိုပြောလိုက်ပါ။ သူ ငရဲကိုသွားလို့” ဒူတာတေးက မနီလာ၌ သတင်းထောက်များကို ပြောခဲ့သည်။

သူဟာအထူးပုဂ္ဂိုလ်မဟုတ်ကြောင်း၊ သူ့ရဲ့ စာတမ်းတင်သွင်းမှုအပေါ်လည်း အသိအမှတ်မပြုကြောင်း ဖိလစ်ပိုင် သမ္မတ ရိုဒရီကို ဒူတာတေးကပြောခဲ့သည်။

အသက် ၇၃နှစ်ရှိ ဖိလစ်ပိုင် သမ္မတ ဒူတာတေးသည် ယခင်ကတည်းက ဒေါသတကြီးဖြင့်စကားများကို ပြောလေ့ရှိသည်။ ဖိလစ်ပိုင် သမ္မတ ဒူတာတေးအာဏာရလာပြီးကတည်းက ၄င်းသည် မူးယစ်စစ်ပွဲကို ပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့သည်။ 

ထိုအချိန်ကတည်းမှစကာ ၄င်း၏ပြိုင်ဘက်များကို ဖြုတ်ချခြင်း၊ အပြစ်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လေ့ရှိသည်။

MDN

ကိုးကား- AFP