Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၇ ဇွန်
    

Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

အစည်းအဝေးတွင် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ ခေါင်းဆောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထူးက Ease of Doing Business အဆင့်နှင့် ရမှတ်တိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြောင်း၊ Secured Transaction Law, Insolvency Law နှင့် Tax Administration Law များ လျင်မြန်စွာ ပြဌာန်းပေးနိုင်ရန်လိုအပ်ပြီး ယခုအခါ Tax Administration Law ပြဌာန်းနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်ရှိသည့် Transaction Law, Insolvency Law များကိုပါ ပြဌာန်းနိုင်လျှင်  Ease of Doing Business အဆင့်နှင့် ရမှတ်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့များအနေဖြင့် ၂၀၂၀ ပြည့်နှစ် Doing Business အစီရင်ခံစာအတွက် ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ၂၀၂၁ ခုနှစ်အတွက် ဆက်လက်၍ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ Ease of Doing Business အဆင့်နှင့် ရမှတ်များ တိုးတက်အောင် ဆောင်ရွက်နေမှုများကို အများပြည်သူသိရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍမှလည်း အစိုးရဌာနများ၏ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများကို သိရှိ၍ အသိအမှတ်ပြုလျှင် အဆင့်နှင့်ရမှတ်များ တိုးတက်လာမည်ဖြစ်ကြောင်း၊ ရေရှည်မဟာဗျူဟာများ ချမှတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ Ease of Doing Business အဆင့်နှင့် ရမှတ်များ တိုးတက်လာလျှင်  မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားရန် အထောက်အကူပြုနိုင်၍ တက်တက်ကြွကြွပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Doing Business အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့များအနေဖြင့် လာမည့်နှစ်အတွက် ဆောင်ရွက်နိုင်မည့် ပြုပြင်ပြောင်းလဲမှု (Reforms) အနည်းဆုံး (၃)ခုကို ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 

1


     

ထို့နောက် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး   တက်ရောက်လာကြသည့် အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြု အဖွဲ့ခေါင်းဆောင်များက သက်ဆိုင်ရာအညွှန်းကိန်း နယ်ပယ်အလိုက် ဆက်လက်ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် ပုဂ္ဂလိက ကဏ္ဍမှ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး က Ease of Doing Business အဆင့် တိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။


သတင်းစဉ်