ဧရာဝတီအသင်း နိုင်ပွဲယူပြီး ဇယားထိပ်ဆုံးမှ ဟံသာဝတီကို ရမှတ်တူဖြင့် ဖိအားပေး

ရန်ကုန် ၈ စက်တင်ဘာ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၄) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ဧရာဝတီအသင်း နိုင်ပွဲရပြီး အားကာသိပ္ပံနှင့် Southern တို့ သရေကျခဲ့သည်။

 

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ရတနာပုံအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယမန်နေ့က ကစားသည့်ပွဲတွင် ထိပ်ဆုံးမှ ဟံသာဝတီအသင်း အရေးနိမ့်ခဲ့သောကြောင့် ဒုတိယနေရာမှ ဧရာဝတီအသင်းအနေဖြင့် ယခုပွဲအနိုင်ရပါက ရမှတ်တူအနေအထားဖြင့် ဖိအားပေးနိုင်မည်ဖြစ်ရာ အားကုန် ထုတ်ကစားခဲ့သည်။ ရတနာပုံအသင်း၏ တုံ့ပြန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသော်လည်း ဆာဆက်၏ ဟက်ထရစ်ဖြင့် အမှတ်ပြည့်ရယူနိုင်ခဲ့ပြီး ဟံသာဝတီနှင့် ရမှတ်တူ၊ ဂိုးကွာခြားချက်တူဖြစ်သော်လည်း သွင်းဂိုးနည်းသောကြောင့် ဧရာဝတီအသင်းသည် ဒုတိယနေရာတွင်သာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

 

နှစ်သင်းစလုံးအတွက် အရေးပါသည့်ပွဲဖြစ်သောကြောင့် အမာခံကစားသမားအစုံအလင်နီးပါးဖြင့် ပွဲထွက်ခဲ့ပြီး ရှုံးပွဲဆက်နေသည့် ရတနာပုံအသင်း၏ ရုန်းကန်မှုကြောင့် ပွဲမှာအပြန်အလှန်ရှိခဲ့သည်။ ၁၂ မိနစ်တွင် ဝင်းနိုင်စိုးက ရတနာပုံအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ဆာဆက်က ၁၆ မိနစ်တွင် ဧရာဝတီအတွက် ပယ်နယ်တီမှတစ်ဆင့် ချေပဂိုးပြန်သွင်းခဲ့သည်။ ပထမပိုင်းတွင် ရတနာပုံအသင်းက ကစားပုံပိုကောင်းခဲ့ပြီး ဧရာဝတီခံစစ်ကို ဖိအားပေးကစားနိုင်ခဲ့သည်။ ဒုတိယပိုင်းအစတွင်လည်း ရတနာပုံအသင်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၄၈ မိနစ်တွင် ဝင်းနိုင်စိုးက ဒုတိယဂိုးထပ်သွင်းခဲ့သည်။ ရတနာပုံအသင်းသည် ဒုတိယ အကြိမ် ဦးဆောင်ဂိုးထပ်ရသော်လည်း ပွဲကိုထိန်းချုပ်နိုင်ခြင်းမရှိ၍ ဂိုးများပြန်ပေးခဲ့ရသည်။ ၅၃ မိနစ်တွင် ဆာဆက်က ပြစ်ဒဏ်ဘောကို ခေါင်းတိုက်ပြီး ဧရာဝတီအတွက် ချေပဂိုးပြန်သွင်းခဲ့ကာ  ၇၂ မိနစ်တွင် ဆာဆက်ကပင် ဧရာဝတီအတွက် အနိုင်ဂိုးသွင်းယူခဲ့သည်။ ဆာဆက်သည် ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ဧရာဝတီအတွက် အရေးပါသည့်ဂိုးများသွင်းယူထားပြီး ယခုပွဲတွင်လည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။ ပွဲပြီးခါနီးတွင် နှစ်ဖက်ကစားသမားများ အချင်းများခဲ့ပြီး ရတနာပုံအသင်းမှ စည်သူအောင်နှင့် အောင်ဝဏ္ဏစိုး၊ ဧရာဝတီအသင်းမှ ကျော်ဇင်လွင်တို့ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် အားကာသိပ္ပံအသင်းနှင့် Southern အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ ယင်းနှစ်သင်းသည် နှစ်ကျော့စလုံး သရေကျခဲ့ပြီး Southern အသင်းသည် နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့သည်။

 

ပွဲစဉ် (၁၄) အပြီးတွင် ဟံသာဝတီနှင့် ဧရာဝတီအသင်းတို့ ရမှတ် ၃၀ စီရထားပြီး ဂိုးကွာခြားချက်တွင်လည်း (+၂၀)စီ တူညီနေသော်လည်း ဟံသာဝတီအသင်းက သွင်းဂိုးသာသဖြင့် ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်လျက် ရှိသည်။ ယင်းနှစ်သင်း၏နောက်တွင် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းက ၂၆ မှတ်စီ၊ ရခိုင်အသင်းက ၁၇ မှတ်၊ ရတနာပုံနှင့် စစ်ကိုင်းအသင်းက ၁၀ မှတ်စီ၊ အားကာသိပ္ပံအသင်းက ရှစ်မှတ်၊ မကွေးအသင်းက ခုနစ်မှတ်၊ Southern အသင်းက လေးမှတ်ရရှိထားသည်။ 

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်