ဧရာဝတီမြစ်အတွင်း စက်လှေဖြင့် ပိုက်မျှော၍ ငါးဖမ်းနေစဉ် မိုးကြိုးစက်ကွင်ထိမိမှုဖြစ်ပွား

ရွှေကူ  ၁၁ ဧပြီ

 

ရွှေကူမြို့နယ် နောင်မိုကျေးရွာအနီးတွင် ဧပြီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲခန့်၌ ဧရာဝတီမြစ်အတွင်း စက်လှေတစ်စီးဖြင့် ပိုက်မျှော၍ ငါးဖမ်းနေစဉ် မိုးများရွာသွန်းပြီး မိုးကြိုး စက်ကွင်းထိမိကြောင်း သတင်းရရှိသည်။

 

ဖြစ်စဉ်မှာ ရွှေကူမြို့နယ် ရေလဲကျေးရွာနေသူ ကျော်ဆန်းလင်း(ခ)ကိုဆန်းနှင့် ဇနီးဖြစ်သူ မဇာဇာဦး(ခ) မအိဇာ၊ (၁၀)နှစ်အရွယ် သမီးဖြစ်သူ မအိနှင်းဖြိုး  သုံးဦးတို့သည် ရေလဲကျေးရွာမှ ဧရာဝတီမြစ်ရိုးအတိုင်း ဆန်တက်ကာ နောင်မိုကျေးရွာအနီး ဧရာဝတီမြစ်အတွင်း စက်လှေ တစ်စီးဖြင့် ပိုက်မျှော၍ ငါးဖမ်းနေစဉ် မိုးများရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ ကျော်ဆန်းလင်း(ခ) ကိုဆန်း သည် မိုးကြိုးစက်ကွင်း ထိမိပြီး ဧရာဝတီမြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူမှာလည်း စက်ကွင်းမိပြီး အသက်ရှူကျပ်ဝေဒနာဖြင့် ရွှေကူမြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသလျက်ရှိပြီး သမီးဖြစ်သူ မအိနှင်းဖြိုးတွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

 

မိုးကြိုးစက်ကွင်း ထိမိပြီး ဧရာဝတီမြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့သော ကျော်ဆန်းလင်း(ခ) ကိုဆန်းအား ရှာဖွေရန်အတွက် ရေလဲကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ ဧရာဝတီမြစ်ရိုးတစ်လျှောက် စက်လှေ(၂)စီးဖြင့် ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)