ဧရာဝတီမြစ်အတွင်းသို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ငါးသားပေါက်ကောင်ရေ ၃၅၀၀၀ စိုက်ထည့်ပြီးဖြစ်

ကသာ              စက်တင်ဘာ                 ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကသာခရိုင်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ၃၅၀၀၀၀ စိုက်ထည့်ပြီးဖြစ်ကြောင်း သိရသည်။

 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာ ဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်မှန်း၍ ငါးမျိုးများ စိုက်ထည့်ခြင်းလုပ်ငန်း ကို ဆောင်ရွက်လျက်ရှိပြီး ကသာခရိုင်အတွင်းရှိ ကသာမြို့နယ်အနေဖြင့် စက်တင်ဘာ ၂၁ ရက်တွင် ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ ၅၀၀၀၀၊ ထိုင်းငါးခုံးမကြီး ကောင်ရေ ၅၀၀၀၀ စုစုပေါင်းငါးကောင်ရေ ၁၀၀၀၀၀ ကို ငါးမျိုးများစိုက်ထည့်ခြင်းနှင့် ထီးချိုင့်မြို့နယ်အနေဖြင့် ဩဂုတ် ၂ ရက်တွင် ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ကောင်ရေ ၁၅၀၀၀၀၊ ထိုင်းငါးခုံးမကြီး ကောင်ရေ ၁၀၀၀၀၀ စုစုပေါင်းငါးကောင်ရေ ၂၅၀၀၀၀ ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးသည့်အတွက် ကသာခရိုင်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ၃၅၀၀၀၀ စိုက်ထည့်ပြီးဖြစ်သည်။

 

ထို့အပြင် ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ကသာမြို့နယ် အတွင်းရှိ ဂရန်အင်းပေါင်း ၆၇ အင်းအတွင်းသို့ နှစ်လက်မ ငါးမြစ်ချင်း ကောင်ရေ နှစ်သိန်းနှင့် ထိုင်း ငါးခုံးမကြီး ကောင်ရေ တစ်သိန်း စုစုပေါင်းငါးသားပေါက် ကောင်ရေ သုံးသိန်းကိုလည်း အင်းသားကြီးများထံသို့ ပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)