ဧရာဝတီနှင့် ရခိုင်အသင်း နိုင်ပွဲပြန်လည်ရရှိ

၃ ဖေဖော်ဝါရီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက ကွင်းသုံးကွင်း၌ ဆက်လက်ကျင်းပရာ ဧရာဝတီနှင့် ရခိုင်အသင်း နိုင်ပွဲရခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ဒဂုံအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် နည်းပြအပြောင်းအလဲပြုလုပ်ပြီး ဦးမျိုးလှိုင်ဝင်း ကိုင်တွယ်သည့် ပထမဆုံးပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့သည်။ သို့သော် တန်းတက်ဒဂုံအသင်း၏ ရုန်းကန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရပြီး ကျဉ်းမြောင်းသည့်ဂိုးရလဒ်ဖြင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခုပွဲတွင် နှစ်ဂိုးနှင့်အထက် အနိုင်ရပါက ထိပ်ဆုံးနေရာကို ရယူနိုင်မည်ဖြစ်သော်လည်း တစ်ဂိုးအသာဖြင့်အနိုင်ရခဲ့၍ ဂိုးကွာခြားချက်တွင် ရခိုင်အသင်းထက်နည်းကာ ထိပ်ဆုံးနေရာကို ရခိုင်အသင်းက ရယူခဲ့သည်။

 

ဧရာဝတီအသင်းသည် ပြိးခဲ့သည့်ပွဲတွင် နိုင်ပွဲပျောက်ဆုံးခဲ့သောကြောင့် ယခုတွင် ကစားသမားများအပြောင်းအလဲပြုလုပ်ခဲ့ပြီး နိုင်ငံခြားသားကစားသမားသုံးဦးစလုံးကို တပြိုင်နက်အသုံးပြုကာ လွင်မိုးအောင်၊ ကျော်ဇင်ဖြိုး (ဂိုး)၊ ကျော်ဇင်လွင်၊ စိုးမိုးကျော်၊ သီဟဇော်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ဒဂုံအသင်းမှာလည်း အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ဧရာဝတီအသင်းကို ရင်ဆိုင်ခဲ့သည်။ ဧရာဝတီအသင်းသည် ၁၆ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး နန်းထိုက်ဇော်က သွင်းယူခဲ့သည်။ ဧရာဝတီအသင်းသည် ဂိုးစရသော်လည်း ပွဲကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဒဂုံအသင်းကို အခွင့်အရေးများပြန်ပေးခဲ့ရသည်။ ၂၅ မိနစ်တွင် ဒဂုံအသင်း ချေပဂိုးပြန်ရခဲ့ပြီး အောင်ခိုင်ထွန်းက ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ဧရာဝတီအသင်းက တိုက်စစ်မြင့်လာသလို ကစားသမားများကိုလည်း နေရာအပြောင်းအလဲပြုလုပ်ကာ ကစားစေခဲ့သောကြောင့် ကစားပုံပိုကောင်းလာသည်။ ၅၃ မိနစ်တွင် ဧရာဝတီအသင်း အနိုင်ဂိုးရခဲ့ပြီး လွင်မိုးအောင်က အဝေးမှကန်သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ဒဂုံအသင်း၏ ချေပဂိုးရရန် ရုန်းကန်မှုများကြောင့် ပွဲမှာအပြန်အလှန်ရှိသော်လည်း နှစ်သင်းစလုံး ဂိုးထပ်သွင်းနိုင်ခြင်းမရှိ၍ ဧရာဝတီအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

 

ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်အသင်းက Southern အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ပွဲစဉ် (၃) အပြီးတွင် ဇယားထိပ်ပိုင်း၌ ရပ်တည်နေသည့် ရန်ကုန်နှင့် ဟံသာဝတီအသင်းတို့ နိုင်ပွဲပျောက်ခဲ့ခြင်း၊ ငါးမှတ်စီရထားသည့် အခြားပြိုင်ဘက်အသင်းများ ကျဉ်းမြောင်းသည့်ဂိုးရလဒ်များဖြင့်သာ အနိုင်ရခဲ့၍ ရခိုင်အသင်းက ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရခိုင်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ၆ မိနစ်တွင် အောင်သန့်ဇော်က သွင်းယူခဲ့သည်။ ပဲခူးကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီနှင့် ရှမ်းယူနိုက်တက်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ယခုပွဲအနိုင်ရသည့်အသင်းမှာ ထိပ်ဆုံးနေရာကို ရယူနိုင်မည်ဖြစ်သော်လည်း နှစ်သင်းစလုံး နိုင်ပွဲရယူနိုင်ခြင်းမရှိဘဲ သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရသည်။ ၂၁ မိနစ်တွင် ရန်နိုင်ဦးက ရှမ်းယူနိုက်တက်အသင်းအတွက် ဂိုးစတင်သွင်းယူသော်လည်း ၃၆ မိနစ်တွင် မိုက်ကယ်က ဟံသာဝတီအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။

 

ပွဲစဉ် (၄) အပြီးတွင် ရခိုင်၊ ဧရာဝတီနှင့် ရတနာပုံအသင်းက ရှစ်မှတ်စီ၊ စစ်ကိုင်း၊ ရန်ကုန်နှင့် ဟံသာဝတီအသင်းတို့က ခုနစ်မှတ်စီ၊ ရှမ်းယူနိုက်တက်အသင်းက ခြောက်မှတ်၊ ဇွဲကပင်အသင်းက ငါးမှတ်၊ ဒဂုံနှင့် Southern အသင်းက သုံးမှတ်စီ၊ မကွေးနှင့် Chinland အသင်းက တစ်မှတ်စီရထားသည်။ ထိပ်ပိုင်းတွင် ဂိုးကွာခြားချက်ဖြင့် ရခိုင်အသင်းက ပထမ၊ ဧရာဝတီအသင်းက ဒုတိယနှင့် ရတနာပုံအသင်းက တတိယနေရာတွင် ရပ်တည်နေသည်။ MNL အမှတ်ပေးပြိုင်ပွဲကို မြန်မာ ယူ-၂၂ အသင်း၏ အာဆီယံ ယူ-၂၂ ပြိုင်ပွဲကြောင့် တစ်လနီးပါး ခေတ္တရပ်နားမည်ဖြစ်ပြီး မတ် ၂ ရက်မှ ပြန်လည်ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်