ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့ ရန်ပုံငွေ၊ N-95 Mask နှင့် လက်သန့်ဆေးရည်များ လှူဒါန်း

မြန်အောင်  ဧပြီ


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့  ရန်ပုံငွေကျပ်သိန်း ၁၂၀ N-95 Mask နှင့် လက်သန့်ဆေးရည်များ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ ..က() နေခြည်ကျောင်း ယာယီထိန်းသိမ်း စောင့်ရှောက်ရေးစခန်းတွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


အခမ်းအနားတွင် မြန်အောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးချိုချိုက မြန်အောင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဝန်ကြီးချုပ် ဦးလှမိုးအောင်က ရန်ပုံငွေကျပ်သိန်း ၁၂၀၊ N-95 Mask ၉၅၀ ခုနှင့် လက်သန့်ဆေးရည်များ ပေးအပ်လှူဒါန်းရာ မြို့နယ်အဆင့်လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးချိုချိုက လက်ခံရယူခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ရေးလုပ်ငန်းများကို အဓိကထား စနစ်တကျ ဆောင်ရွက်ရန်၊ တတ်နိုင်သ၍ အိမ်မှာနေကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ပြုလုပ်လျက်ရှိကြောင်း ပြောကြားပြီး မြန်အောင်နေခြည်ဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဈေးအတွင်း လက်ဆေးဘေစင်များထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

mdn


ဆက်လက်၍ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများသည် ကနောင်၊ ရွှေကျင်၊ သပြေကုန်း ကျေးရွာအုပ်စုတို့ရှိ စောင့်ကြည့်ရေး စခန်းများအား သွားရောက်ကြည့်ရှု၍ ကျေးရွာအုပ်စုအဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဝင်းဗိုလ်(မြန်အောင်)