ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခြောက်ခရိုင်  ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

မြောင်းမြ ၃၁ သြဂုတ်   


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ ခြောက်ခရိုင် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၃ နာရီ အချိန်က ကျင်းပသည်။


နောက်ဆုံးဗိုလ်လုပွဲတွင် ပုသိမ်ခရိုင်ဘောလုံးအသင်းနှင့် လပွတ္တာခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လပွတ္တာခရိုင်အသင်းက ၃.၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။ ဆုပေးပွဲကိုဆက်လက်ကျင်းပရာ တတိယဆုရရှိသော မြောင်းမြခရိုင်အသင်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးနေဝင်းကလည်းကောင်း၊ ဒုတိယရရှိသော ပုသိမ်ခရိုင် အသင်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်ကလည်းကောင်း၊ ပထမရရှိသော လပွတ္တာခရိုင်အသင်းအား စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်း ကလည်းကောင်း၊ အကောင်းဆုံးအားကစားသမား တစ်ဦးချင်းဆုများကို တိုင်းတရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းထွန်းက လည်းကောင်း၊ ပထမရရှိသော လပွတ္တာခရိုင်အသင်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က တံခွန်စိုက် ဆုဖလားကြီးချီးမြှင့်ပေးခဲ့သည်။


ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား၊ (၆)ခရိုင် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို မြောင်းမြမြို့မ အားကစားကွင်း၌ သြဂုတ် ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မြောင်းမြခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင် နှင့် လပွတ္တာခရိုင်တို့မှ ဘောလုံးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


အောင်မင်း (မြောင်းမြ)

 

IMG_201