ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဘိုကလေးမြို့နယ် အောက်စီဂျင်စက်ရုံ တည်ဆောက်မှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှုအားပေး

ဘိုကလေး ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အောက်စီဂျင်စက်ရုံ တည်ဆောက်နေမှု အခြေအနေများနှင့် မြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ လှည့်လည်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုကလေးမြို့နယ် ဦးလှသိန်းလမ်းရှိ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံအနီးတွင် အများပြည်သူစုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်လျက်ရှိသော အောက်စီဂျင်စက်ရုံတည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ဘိုကလေးမြို့နယ် ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးဆိုင်ရာပစ္စည်းများ ပေးအပ်လှူဒါန်းကာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့သည်။ 

ဆက်လက်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံး၌ အမှတ်(၉)ရပ်ကွက်အတွင်းရှိ ပြည်သူများအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောဂါ ရှိ/မရှိ ရှာဖွေစစ်ဆေးမှု လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

မိုးစက်(ဘိုကလေး)