ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် ဟင်္သာတမြို့နယ် လယ်တော် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်နှင့် ပိုးတွေ့လူနာများထားရှိကုသနိုင်ရန် မြို့တော်ခန်းမအား ကြိုတင်ပြင် ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး

ဟင်္သာတ  ၂၈  နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိူးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး/ ခရိုင် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်က ဟင်္သာတမြို့နယ် လယ်တော်ကျေးရွာအုပ်စုတွင် ဖွင့်လှစ်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်သို့ သွားရောက်ခဲ့ပြီး စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေနှင့် ခရီးသွားမှတ်တမ်းရယူနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါစစ်ဆေးရေးဂိတ်တွင်  မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် စစ်ဆေးရေးဂိတ်တာဝန်ကျ အဖွဲ့များက စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး ရှင်းလင်းတင်ပြမှုအပေါ်  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှားကြားပြီး စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteer များအား တွေ့ဆုံအားပေး၍ စစ်ဆေးရေးဂိတ်များတွင် လိုအပ် သည်များ သုံးစွဲရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် (၅၀၀၀၀၀)ကို  တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့ မြို့တော်ခန်းမတွင် Palan(C) အဖြစ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် လူနာများထားရှိကုသရန် ကြိုတင်ပြင် ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟင်္သာတခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဌေးဌေးလှိုင်တို့က ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် သူနာပြုသင်တန်းကျောင်းတို့တွင် ပိုးတွေ့လူများ ထားရှိကုသမှုနှင့် လက်ရှိမြို့တော်ခန်းမအား ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)