ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ဧကမှန်ကန်ရေး၊ ပန်းတိုင်အထွက်နှုန်းတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ မေ ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ပန်းလှိုင် ရေထိန်းတံခါးနှင့် ပန်းလှိုင်ချောင်း ရေစီးရေလာ အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ ဖျာပုံ၊ မအူပင်၊ လပွတ္တာခရိုင်များမှ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမှုထမ်း အရာထမ်းများကို တွေ့ဆုံသည်။ 
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်၏ ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးမူဝါဒနှင့် ညွှန်ကြားချက်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး၊ ဆီထွက်သီးနှံ အထူးဇုံများ၏ စိုက်ဧကနှင့် သီးနှံအထွက်ဆိုင်ရာ ကိန်းဂဏန်း စာရင်းဇယားများ လွဲမှားမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုးရေ လိုအပ်သည့် နေရာများနှင့် ရေရရှိမှုခက်ခဲသည့် နေရာများအတွက် စိုက်ပျိုးရေရရှိရေး လုပ်ငန်းချေးငွေရရှိနိုင်ရေး တင်ပြဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်ပေးလျက်ရှိသည့် နွေစပါး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံပုံစံအလိုက် သက်တမ်းတိုမျိုးများ ပြောင်းလဲစိုက်ပျိုးပြီး သီးထပ်ဧရိယာမြှင့်တင်ဆောင်ရွက်ရန်၊ တာဝန်ရှိသူများ ကွင်းဝန်ထမ်းများအားလုံး တာဝန်ကျဒေသအရောက် လက်တွေ့မြေပြင်ကွင်းဆင်း၍ တောင်သူများ၏ မျိုး၊မြေ၊ရေ၊နည်းစနစ် လိုအပ်ချက်များ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေးမျက်ခြေမပြတ် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကော်ဖီစိုက်ဧရိယာများတိုးချဲ့နိုင်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မြေနိမ့်ကော်ဖီ မျိုးကောင်း မျိုးသန့်များ အသုံးပြုနိုင်ရန် လိုအပ်ချက်များကို ဆွေးနွေးပြော ကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဆီထွက်သီးနှံအထူးဇုန်ဧရိယာများနှင့် အဓိကသီးနှံများ လျာထားဧကပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်ရရှိရေး တွန်းအားပေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက စီမံကိန်းလုပ်ငန်းဆိုင်ရာများနှင့် ကိန်းဂဏန်း အချက်အလက်များတိကျမှန်ကန်စေရေး၊ စံကွက် ရိတ်သိမ်းခြင်းနှင့် ကိုယ်စားပြုဧရိယာ သတ်မှတ်ခြင်း ကိစ္စရပ်များကိုတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်