Erez နယ်စပ်ဖြတ်ကျော်ဂိတ်အား  ယာယီဖွင့်လှစ်ရန် အစ္စရေး အတည်ပြု

ဂျေရုဆလင်   ဧပြီ   

ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများ ပိုမိုသယ်ဆောင်လာ နိုင်ရန်အတွက် အစ္စရေး၏ ဝန်ကြီးအဖွဲ့သည် Erez နယ်စပ်ဖြတ်ကျော်ဂိတ်ကို ယာယီဖွင့်လှစ်ရန် အတည် ပြုခဲ့ကြောင်း မီဒီယာများက ပြောကြားသည်။ ယခုဆောင်ရွက်ချက်သည် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကျပ်အတည်းကို လျော့ပါးစေမည် ဖြစ်ကြောင်း အစ္စရေးအစိုးရက မှတ်ချက်ပြုပြောကြားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အစ္စရေးတပ်ဖွဲ့များနှင့် ဟားမတ်စ်အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ယခုနယ်စပ်ဖြတ်ကျော်ဂိတ် ဖွင့်လှစ်ခြင်းသည် ပထမဆုံးဖွင့်လှစ်မှုဖြစ်ကြောင်း မီဒီယာများက ပြောကြားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့သည် ဂါဇာကမ်းမြောင် ဒေသအခြေအနေနှင့် ပတ်သက်၍ တယ်လီဖုန်းဖြင့် ယမန်နေ့ကဆွေးနွေးခဲ့ကြသည်။ အရပ်သားများကို ကာကွယ်ရန် ကြိုးပမ်းမှုကဲ့သို့သော ပြောင်းလဲမှု မတွေ့ပါက အမေရိကန်သည် ၎င်း၏မူဝါဒများကို ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ဘိုင်ဒင်က နေတန်ယာဟုအား သတိပေးခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ရာဖာနယ်စပ်ဂိတ်မှ ပေးပို့ခဲ့သော်လည်း အစ္စရေး၏ စစ်ဆေးမှုများနှင့် အခြားလုပ်ထုံးလုပ်နည်းများကြောင့် အကူအညီများ လုံလုံလောက်လောက် မရောက်ရှိသည့်အပြင် မြောက်ပိုင်းရှိ ပြည်သူများသည် စားနပ်ရိက္ခာပြတ်လပ်မှုကို ကြုံတွေ့နေရသည်။ လေ့လာသူများက Erez နယ်စပ်ဖြတ်ကျော်ဂိတ်ကို မည်သည့်အချိန်တွင် ဖွင့်လှစ်မည်ဆိုသည်နှင့် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ အခြေအနေများ တိုးတက်ကောင်းမွန်လာခြင်း ရှိ၊ မရှိ စောင့်ကြည့်နေကြသည်။

ကိုးကား -အင်န်အိတ်ချ်ကေ

ဘာသာပြန် စိုးသူရ