FACEBOOK က အချက်အလက် ပေါက်ကြားမှုအတွက် အမှားအယွင်းများ ရှိခဲ့ကြောင်း မက်ဇူကာဘက် ဝန်ခံ

ဆန်ဖရန်စစ်(စ်)ကို  ၂၂ မတ်

 

နိုင်ငံရေး လှုပ်ရှားမှုမှာ အလွဲသုံးစားလုပ်ဖို့ Facebook အသုံးပြုသူ သန်းပေါင်းများစွာရဲ့ ကိုယ်ရေး အချက်အလက်တွေ ပေါက်ကြားမှုဟာ ကုမ္ပဏီဘက်က အမှားအယွင်းဖြစ်ကြောင်း Facebook တည်ထောင်သူ မက်ဇူကာဘက်က  ဝန်ခံခဲ့ပါတယ်။

 

 

“အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ကာကွယ်ပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒါကို မလုပ်ပေးနိုင်ရင် အသုံးပြုသူတွေကို ဝန်ဆောင်မှုပေးဖို့ မထိုက်တန်ပါဘူး။ ဒီလို ကျိုးပေါက်မှုဖြစ်တာဟာ ကျွန်တော်တို့အပေါ် ယုံကြည်မှု ပျက်ပြားစေတဲ့ အဓိက အချက်ပါပဲ။ တကယ် စိတ်မကောင်းပါဘူး။ နောက်ထပ် ဒီလိုမဖြစ်ဖို့ တာဝန်ယူ ဆောင်ရွက်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။ 

 

၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ Facebook က အချက်အလက်တွေ အသုံးပြုပြီး နိုင်ငံရေး အလွဲသုံးစား လုပ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အချက်အပေါ် အခုလို ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ 

 

မက်ဇူကာဘက် အနေနဲ့ လွှတ်တော်မှာ မဖြေကြားခင် ယခုလို ဝန်ခံခဲ့တာဖြစ်ပြီး ယခုလို လူမှုကွန်ရက် အလွဲသုံးစားမှုတွေကို ထိန်းညှိဖို့လည်း ထောက်ခံကြောင်း မှတ်ချတ် ပေးထားပါတယ်။ နည်းပညာ တိုးတက်မှုက ကမ္ဘာကြီးအတွက် အရမ်း အရေးကြီးလာကြောင်းနဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပြီး တိတိကျကျ လုပ်ကိုင်ကြဖို့ လိုလာပါပြီဖြစ်ကြောင်း သိရပါတယ်။ facebook အနေနဲ့ ယခုလို အလွဲသုံးစာမှုတွေ မရှိအောင် ၂၀၁၄ ခုနှစ်ကတည်းက အပတ်စဉ် စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် ယခုချိန်ထိ လိုအပ်ချက်ရှိနေသေးကြောင်း သိရပါတယ်။ 

 

 

ဗြိတိန်နိုင်ငံ အချက်အလက် ဆန်းစစ်လေ့လာရေး ကုမ္ပဏီ ကိန်းဘရစ် အန်တာလက်တီကယ် (CA) ကုမ္ပဏီမှ လေ့လာသူ အလက်ဇန်းဒါး ကိုဂန်က အငြင်းပွားဖွယ် ကိုယ်ပိုင် App တစ်ခု တီထွင်ပြီး facebook အကောင့် သန်း ၅၀ ကို ခွဲခြမ်းစိတ်ဖြာကာ သတင်းပေးခဲ့ရာကနေ ယခုလို အချက်အလက် ပေါက်ကြားမှုရှိကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။ 

 

 

Facebook ဘက်လည်း ကိန်းဘရစ် အန်တာလက်တီကယ် ကုမ္ပဏီရဲ့ သတ်မှတ်ချက် အားလုံးကို လက်မခံကြောင်းနဲ့ နောက်နောင် ဒီလိုမဖြစ်အောင် တာဝန်ယူကြောင်း ပြောဆိုထားပါတယ်။ Facebook Appကို ဝင်ရောက်ခဲ့တဲ့ အချက်အလက် အားလုံးကို ပြန်လည်ဆန်းစစ်ပြီး မသင်္ကာဖွယ်ရာ အချက်အလက် တွေကိုလည်း မှုခင်းဆိုင်ရာအရ အပြည်အဝ တာဝန်ယူ ဆောင်ရွက်သွားဖို့ ရှိတယ်လို့သိရပါတယ်။ ကိုဂန်ရဲ့ လုပ်ရပ်ဟာ Facebook နဲ့ ကိန်းဘရစ် အန်တာလက်တီကယ် ကုမ္ပဏီအကြား ယုံကြည်မှုကို ပျက်ပြားစေသလို facebook နဲ့ သုံးစွဲသူတွေကြားမှာလည်း ယုံကြည်မှု ပျက်ပြားစေခဲ့ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ ပြုပြင်သွားမယ်လို့ ထပ်ခါထပ်ခါ ကတိကဝတ်တွေ  ပေးနေပါတယ်။ 

 

 

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတုန်းက သတင်းအမှားတွေ ဖန်တီးမှုကနေ ယခုလို့ Facebook မှာ အရှုပ်အထွေးတွေ ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ 

 

 

ကိုဂန်ရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး Facebook ဘက်ကရော ကိန်းဘရစ် အန်တာလက်တီကယ် ကုမ္ပဏီဘက်ကပါ အမှားအယွင်းမရှိကြောင်း အပြန်အလှန် ငြင်းဆိုထားပါတယ်။ ကိုဂန်ကတော့ သူ့လုပ်ဆောင်မှုဟာ စည်းကျော်ခဲ့တယ်ဆိုပြီး ကုမ္ပဏီဘက်က စွပ်စွဲမှုကို အံ့အားသင့်ခဲ့ရကြောင်းနဲ့ ၎င်းအနေနဲ့ Facebook နဲ့ ကုမ္ပဏီကြားမှာ ခုတုံးသဘောမျိုး ဖြစ်နေကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

 

 

ဥရောပသမဂ္ဂဟာ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပ ဥပေဒေပြု အမတ်တွေဟာ မက်ဇူကာဘက်ကို မေမြန်းမှုတွေ လုပ်ဖို့ အရေးတကြီး တောင်းဆိုနေကြောင်း သိရပါတယ်။ 

 

ဗြိတန် ဝန်ကြီးချုပ် ထရီဇာမေကလည်း Facebook နဲ့ ကိန်းဘရစ် အန်တာလက်တီကယ် ကုမ္ပဏီတို့ ပူးတွဲပြီး အဖြေရှာဖို့ တိုက်တွန်းထားပါတယ်။ 

 

 

MDN

ကိုးကား - အေအက်ဖ်ပီ