Facility Quarantine (၂၁)ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine ကာလ (၇)ရက် ဆောင်ရွက်သွားရေး လိုက်နာဆောင်ရွက်ရန် အသိပေးထုတ်ပြန်ခြင်း

၁၂  မေ

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ‌နအနေဖြင့် နိုင်ငံတကာမှလာရောက်သည့်ခရီးသည် များနှင့် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့သူများထံမှ အခြားသူများသို့ ရောဂါကူးစက်မှု မရှိစေရေးအတွက် လက်ရှိတွင် Facility Quarantine (၁၄)ရက်အား ထားရှိပြီးပါ ကမိမိနေအိမ်သို့ ပြန်လည် သွားရောက်မည့်သူများအတွက် နောက်ထပ်(၁၄)ရက် နေအိမ်တွင်သီးခြား နေထိုင်ရန် အကြံပြု တိုက်တွန်းချက်များ ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

၂။ COVID-19 ရောဂါရှိသူများမှ ရောဂါပိုး စွန့်ထုတ်သည့်ကာလမှာ ရောဂါလက္ခဏာမပြမီ (၂) ရက်မှ ရောဂါလက္ခဏာပြပြီး (၂၈)ရက် အထိရှိကြောင်းနှင့် အဆိုပါကာလအတွင်း အခြားသူများသို့ ရောဂါကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြုလုပ်ခဲ့သည့် သုတေသနစာတမ်းများအရ  Quarantine (15) ရက် တိတိကျကျနှင့် စနစ်တကျထားရှိပါက ရောဂါကူးစက်မှုအား (၉၈.၇%)အထိ ထိန်းချုပ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည့်အပြင် ဒေသတွင်း နိုင်ငံအချို့တွင်လည်း Quarantine ကာလအား ဆေးရုံ/ သတ်မှတ်နေရာများတွင် နေထိုင်ရမည့်ကာလနှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း ကာလစုစုပေါင်းအား (၂၈)ရက်အထိ သတ်မှတ် ထားကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် အထက်ပါ Quarantine(၂၈)ရက်ထားရှိမှုများအား ဓာတ်ခွဲစစ်ဆေးမှု အကန့်အသတ်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံများတွင် ဆောင်ရွက်ကြောင်းတွေ့ရှိရပါသည်။

၃။ လက်ရှိအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း COVD-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၈) ဦးအနက် နိုင်ငံတကာမှ ပြန်လည်ရောက်ရှိလာသည့် ခရီးသွားများ (Imported cases) များ၊ ၎င်းတို့နှင့် အနီးကပ် ထိတွေ့သူများတွင်သာ အဓိကကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် အမျိုးသားကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲစစ်ဆေးချက်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ContactTracing ဆောင်ရွက်ခဲ့သည့် တွေ့ရှိချက် များအရ အချို့သော Confirmed လူနာများနှင့် အသွားအလာ ပိတ်ပင်ကန့်သတ်ခြင်း ပြီးစီးသည့်နောက် (၁၄)ရက်ကျော်သည်အထိ လူအချို့တွင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာ ရောဂါပိုးဆက်လက် တွေ့ရှိနေသေးကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

၄။ သို့ဖြစ်၍ နိုင်ငံအတွင်း ရောဂါပျံ့နှံ့မှုအား ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် သေချာမှုရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခင် Facility Quarantine အသွားအလာ ပိတ်ပင် ကန့်သတ်ခြင်း (၁၄)ရက် ကာလအစား ယခု Community Based Facility Quarantine/ Hotel Quarantine (၂၁)ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine ကာလ(၇)ရက်၊ စုစုပေါင်း (၂၈)ရက် ဆောင်ရွက်သွားကြပါရန် အသိပေး ထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန