Fighters Only မဂ္ဂဇင်းက ရွေးချယ်ချီးမြင့်သည့် International Fighter of the Year ဆုကို အောင်လအန်ဆန် ဆွတ်ခူး

၄ ဇူလိုင်

Fighters Only မဂ္ဂဇင်းက ရွေးချယ်ချီးမြင့်သည့် World MMA Awards 2019 ဆုပေးပွဲကို ဇူလိုင်(၃)ရက် (မြန်မာစံတော်ချိန် ဇူလိုင် ၄ ရက် နံနက်ပိုင်း) က အမေရိကန်နိုင်ငံ လက်စ်ဗေးဂတ်စ်၌ ကျင်းပခဲ့ရာ ONE ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်က International Fighter of the Year ဆုကို ဆွတ်ခူးရရှိခဲ့သည်။

Fighters Only မဂ္ဂဇင်းသည် ယင်းဆုများကို ၂၀ဝ၈ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး ဘက်စုံကိုယ်ခံပညာသုံး MMA အားကစားလောကတွင် ဂုဏ်သိက္ခာမြင့်မားသည့် ဆုချီးမြှင့်ပွဲလည်းဖြစ်သလို အဖွဲ့အစည်းအသီးသီးက ကျင်းပနေသည့် ဘက်စုံကိုယ်ခံပညာသုံး ပြိုင်ပွဲများအားလုံးမှ အကောင်းဆုံးကစားသမားများကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။

ONE Championships မှ ကျင်းပနေသည့်ပြိုင်ပွဲများတွင် အောင်မြင်မှုရပြီး ဝိတ်တန်းနှစ်ခု ချန်ပီယံဖြစ်ခဲ့သည့် အောင်လအန်ဆန်သည် ယခုနှစ်အနည်းငယ်အတွင်း အောင်မြင်မှုများ ဆက်တိုက်ရလာပြီး ယခုဆုပေးပွဲတွင် ဆုနှစ်ခုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး International Fighter of the Year ဆုကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

အောင်လအန်ဆန်သည် International Fighter of the Year ဆု ဆန်ခါတင်စာရင်းတွင် UFC တွင် ရှုံးပွဲမရှိသေးသည့် ရွှေခါးပတ်ချန်ပီယံ နာမည်ကြီး ရုရှားနိုင်ငံသား ခါဘစ် (UFC)၊ မူဆာဆီ (Bellator)၊ အူစမန် (UFC)၊ အာဒေးဆန်ညာ (UFC) တို့နှင့်အတူ ပါဝင်ခဲ့ပြီး ၎င်းတို့ကိုကျော်ဖြတ်ကာ ဆုရရှိခဲ့ခြင်းဖြစ်သည်။ Charles “Mask” Lewis Fighter of the Year ဆုကိုမူ ကော်မီယာ (UFC) က ရရှိခဲ့ပြီး အောင်လအန်ဆန်နှင့်အတူ ခါဘစ်၊ မူဆာဆီနှင့် ပွိုင်ရီယာတို့မှာ ဆန်ခါတင်စာရင်းဖြင့်ပင် ကျေနပ်ခဲ့ရသည်။ 

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲများတွင် ၂၀ဝ၅ ခုနှစ်ကတည်းက ထိုးသတ်ခဲ့ပြီး လက်ရှိတွင် ONE Championships မှ ကျင်းပနေသည့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေကာ ၂၀၁၇ ခုနှစ်မှစ၍ ပြိုင်ပွဲများတွင် အောင်မြင်မှုရလာခြင်းဖြစ်သည်။ လက်ရှိတွင် မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံဆုရရှိထားကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲသုံးပွဲ ထိုးသတ်ထားကာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို အောက်တိုဘာတွင် ထိုးသတ်ရမည်ဖြစ်သည်။ ထို့ပြင် အောင်လအန်ဆန်သည် ၂၀၁၈ နှစ်ကုန်ပိုင်းက စင်ကာပူနိုင်ငံ၌ ကျင်းပသည့် 2018 Global Martial Arts Awards ဆုပေးပွဲတွင် အကောင်းဆုံးအမျိုးသားကစားသမားဆုရရှိခဲ့သလို ၂၀၁၈ ခုနှစ်ကရန်ကုန်မြို့၌ ဟဆဲဂါဝါနှင့် ထိုးသတ်ခဲ့သည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲမှာ  အကောင်းဆုံးပွဲဆုတို့ ရရှိခဲ့သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ- အောင်လအန်ဆန် Facebook