Friends: The Reunion ကို အာရှ၌ ယခုလအတွင်း ပြသမည်

၂၀၀၄ ခုနှစ်အတွင်း ထုတ်လွှင့်ပြသခဲ့တဲ့ Friends ကို ပြန်လည်ရိုက်ကူးသွားမယ့် Friends: The Reunion ရုပ်သံအစီအစဉ်သစ်ရဲ့ ပြသမယ့်ရက်ကို မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့ရာမှာ အာရှဒေသတွင်း နိုင်ငံတွေမှာ ပြသမယ့်ရက်ကို ကြေညာခဲ့ခြင်းမရှိပါဘူး။ သို့သော် လတ်တလောမှာ အဆိုပါရုပ်သံ အစီအစဉ်သစ်ကို အမေရိကန်မှာ ပြသမယ့်ရက်နဲ့အတူ အာရှနိုင်ငံတွေမှာပါ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ကြောင်း HBO ရုပ်သံလိုင်းက ကြေညာခဲ့တယ်လို့ အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက် တွေအရ သိရပါတယ်။

Friends: The Reunion ကို HBO GO ရုပ်သံလိုင်းမှ မေ ၂၇ရက် မှာ အာရှနိုင်ငံနဲ့ ဒေသတွေဖြစ်ကြတဲ့ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့မှာ အမေရိကန်မှာ ပြသမယ့်ရက်နဲ့အပြိုင် ထုတ်လွှင့်ပြသသွားမှာပါ။ Friends ရဲ့ ပရိသတ်တွေအနေနဲ့ ၁၇ နှစ်အကြာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အဓိကဇာတ်ဆောင်တွေနဲ့အတူ ပြန်လည်ကြည့်ရှုခွင့်ရတော့မှာ ဖြစ်ပါတယ်။ Friends: The Reunion မှာ အဓိကဇာတ်ဆောင်တွေအဖြစ် ဂျနီဖာအန်နစ်စတန်၊ လီဆာ ကူဒရော၊ ကောင်တနေကောက်ဇ်၊ ဒေးဗစ်စခရင်းမား၊ မက်လယ်ဘလက်ခ်နဲ့ မက်သရူးပါရီတို့ ပြန်လည် ပါဝင်ထားကြပြီး ဧည့်သည်သရုပ်ဆောင်တွေအဖြစ် အနုပညာအသိုင်းအဝိုင်းမျိုးစုံက ကျော်ကြားတဲ့ သူတွေဖြစ်ကြတဲ့ ဂျက်စတင်ဘီဘာ၊ လေဒီဂါဂါ၊ ဒေးဗစ်ဘတ်ခမ်း၊ ကစ်ထ်ဟာရင်တန်နဲ့ BTS တို့ ပါဝင်မှာဖြစ်ပါတယ်။

အေးပြည့်