ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရေးစည်းမျဉ်းတွေအား ဇန်နဝါရီ ၁၀ ရက်အထိ တိုးမြှင့်ထား

ဘာလင်၊ ၃ ဒီဇင်ဘာ

 

ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရေးအတွက် ယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတွေ၊ အားကစားခန်းမတွေ၊ စားသောက်ဆိုင်တွေနဲ့ ဘားတွေကို ဇန်နဝါရီ ၁၀ ရက်အထိ ဆက်လက်ပိတ်ထားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် အင်ဂျလာ မာကယ် က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။

 

ဝန်ကြီးချုပ် မာကယ်က ပြည်နယ် ၁၆ ခုရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး လက်ရှိစည်းမျဉ်းစည်းကမ်းတွေကို ဇန်နဝါရီ ၁၀ ရက်အထိ တိုးမြှင့်သတ်မှတ်ကြောင်းနဲ့  ဇန်နဝါရီ ၄ ရက်မှာ ထပ်မံတွေ့ဆုံဆွေးနွေးပြီး ဗိုင်းရပ်စ်ပိုးကူးစက်မှု ကျဆင်းခဲ့ရင် စည်းမျဉ်းတွေကို ပြောင်းလဲ သတ်မှတ်မှာဖြစ်ကြောင်း ပြောပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲအတွင်းမှာ နိုဝင်ဘာလအတွင်းက စတင်ချမှတ်ခဲ့တဲ့ ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေးစည်းမျဉ်းတွေကို ဇန်နဝါရီလဆန်းအထိ ချမှတ်ထားဖို့ သဘောတူညီ ထားပြီးဖြစ်ပါတယ်။

 

BioNTech-Pfizer နဲ့ Moderna ဆေးကုမ္ပဏီထုတ် ကာကွယ်ဆေး သန်း ၇၀ ဟာ နောက်နှစ် ပထမ သုံးလ အတွင်းမှာ ရောက်ရှိမယ်လို့ ဝန်ကြီးချုပ် မာကယ်က ပြောပါတယ်။

 

လူဦးရေ သန်း ၈၀ နေထိုင်တဲ့ ဂျာမနီနိုင်ငံအတွက် ရောက်ရှိလာမယ့် ကာကွယ်ဆေးဟာ လုံလောက်မှု မရှိတာကိုတွေ့ရပါတယ်။ ဝန်ကြီးချုပ် မာကယ်က ကာကွယ်ဆေးမရရှိသေးဘဲ ဆောင်းရာသီကို ဖြတ်သန်းရမယ်လို့ သတိပေးနေပါတယ်။

 

ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေး စည်းမျဉ်းသစ်တွေကို နိုဝင်ဘာလက ချမှတ်ပြီး သီတင်းနှစ်ပတ် နောက်ပိုင်းမှာ ပိုးတွေ့သူအရေအတွက်ဟာ အတိုးအလျော့မရှိတာမျိုး ဖြစ်လာကြောင်း သိရပါတယ်။

 

ဒါပေမယ့် စည်းမျဉ်းတွေ ဖျက်သိမ်းဖို့ဆိုတာ လူဦးရေ ၁၀၀,၀၀၀ မှာ ကူးစက်ခံရသူ ၅၀ ဦး အောက်ရှိဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

ဂျာမနီနိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၀,၁၇၁ ဦးနဲ့ သေဆုံးသူ ၄၅၃ ဦးရှိကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ပါတယ်။ ပိုးတွေ့ရှိသူစုစုပေါင်း ၁,၁၀၅,၈၃၂ ဦးနဲ့ သေဆုံးသူ ၁၇,၈၁၂ ဦးကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP