ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁ သန်းကျော်ရှိလာ

၂၇ နိုဝင်ဘာ

 

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁ သန်းကျော်သွားကြောင်း Robert Koch Institute ရောဂါထိန်းချုပ်ရေးဌာနက ဒီနေ့(သောကြာနေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။

 

ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၂၂,၀၀၀ ဦးရှိတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ ရှိသူ စုစုပေါင်း ၁,၀၀၅, ၃၀၇ ဦး နဲ့ သေဆုံးသူ စုစုပေါင်း ၁၅,၇၆၇ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဂျာမနီနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု ပထမလှိုင်းကို သေချာစွာ ကိုင်တွယ်နိုင်ပေမယ့် ဒုတိယလှိုင်းမှာတော့ အထိနာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးခံစားနေရသူထဲမှ  နိုင်ငံတစ်ဝန်းရှိ အထူးကုသဆောင်တွေမှာ  ကုသပေးနေရသူ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ၃,၅၀၀ ကျော်ရှိကြောင်း၊ အောက်တိုဘာလ အစောပိုင်းမှာ ၃၆၀ ကျော်သာရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က နိုင်ငံမှာ လက်ရှိ ထုတ်ပြန်ထားတဲ့ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုထိန်းချုပ်ရေး စည်းမျဉ်း၊စည်းကမ်းတွေဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအစောပိုင်းအထိ အသက်ဝင်မှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ရောဂါပိုးကူးစက်မှု နည်းသွားခဲ့ရင်တော့ ပြန်လည် သုံးသပ်သွားမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။

 

နိုင်ငံတစ်ဝန်းရှိ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ အားကစားခန်းမတွေ၊ ယဉ်ကျေးမှု ခန်းမတွေကို ပိတ်ထားပေမယ့် ကျောင်းနဲ့ ဆိုင်တွေကိုတော့ ဆက်လက်ဖွင့်ထားတာကို တွေ့ရပါတယ်။

 

MDN

ကိုးကား - AFP