ဂျာမနီနိုင်ငံမှာ မျက်နှာဖုံးမဝတ်ဆင်ရင် ဒဏ်ငွေပေးဆောင်ရမယ်

၂၇ ဩဂုတ်

 

ဂျာမနီနိုင်ငံမှာ မျက်နှာဖုံးဝတ်ဆင်ရေးနဲ့ အားကစားကွင်းတွေမှာ ပရိသတ်မပါဘဲ ကျင်းပသွားရေးကို ဒီနှစ်ကုန်ပိုင်းအထိ တင်းတင်းကျပ်ကျပ် ကန့်သတ်သွားမယ်လို့ ဆိုပါတယ်။ 

 

ဂျာမနီဝန်ကြီးချုပ် မာကယ်က ပြည်နယ် ၁၆ ခုရဲ့ ခေါင်းဆောင်တွေနဲ့ ဒီနေ့ (ကြာသပတေးနေ့)မှာ တွေ့ဆုံဆွေးနွေးပြီး စည်းမျဉ်းအသစ်တွေကို နိုင်ငံတစ်ဝန်းမှာ ပြဋ္ဌာန်းဖို့ သဘောတူညီခဲ့ပါတယ်။ 

 

မျက်နှာဖုံးဝတ်ဆင်ခြင်းမရှိပါက ယူရိုငွေ ၅၀ (အမေရိကန်ဒေါ်လာ ၅၉) ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ပါတယ်။ 

 

လက်ရှိအချိန်မှာ ပြည်နယ်တွေက သီခြားဒဏ်ကြေးသတ်မှတ် ပြဋ္ဌာန်းထားပါတယ်။ မျက်နှာဖုံးမဝတ်ဆင်ရင် ဟမ်းဘတ်မှာ ယူရို ငွေ ၄၀ ဖြစ်ပေမယ့် ဘာဘာရီယားမှာတော့ ယူရိုငွေ ၂၅၀ ပေးဆောင်ရမှာဖြစ်ပါတယ်။ 

 

ဂျာမနီနိုင်ငံမှာ လူအများအပြား စုဝေးခွင့်ကို အောက်တိုဘာလကုန်ကနေ နှစ်ကုန်ပိုင်းအထိ ဆက်လက် ပြဋ္ဌာန်းသွားမှာဖြစ်ကြောင်း၊ အခုစည်းမျဉ်းဟာ အားကစားပွဲတွေနဲ့ ပွဲတော်တွေပါ အကုန်အကျုံးဝင်ကြောင်း သိရပါတယ်။ 

 

လူစုလူဝေးဆိုရာမှာ ၂၅ ဦးထက်မပိုသော လူတွေသာ စုဝေးခွင့်ရကြောင်းနဲ့ တစ်ဦးနဲ့တစ်ဦးကြား ၅ ပေ (၁.၅ မီတာ) အကွာမှာ ရှိနေသင့်ကြောင်းပါ စည်းမျဉ်းသစ်မူကြမ်းမှာ ပါရှိနေပါတယ်။ 

 

ဂျာမနီနိုင်ငံမှာ ဒီလကစပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးပျံ့ပွားရာ ဒေသတွေကနေ ပြန်လာသူတွေအား အခမဲ့စစ်ဆေးနေပါတယ်။ 

 

ဂျာမနီနိုင်ငံမှာ ကြာသပတေးနေ့ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၅၀၇ ဦးရှိရာ စုစုပေါင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၃၇၉၃၆ ဦးရှိကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၉၂၈၅ ဦးရှိကြောင်း Robert Koch ရောဂါပိုး ထိန်းချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

MDN
ကိုးကား - AFP