ဂျော်နီဒပ် ကို သူ့ရဲ့ ကိုယ်ရံတော်ဟောင်းတွေက တရားစွဲဆို

၂ မေ

Pirates of the Caribbean ဇာတ်ကားရဲ့ အနုပညာရှင် ကြယ်ပွင့် ဂျော်နီဒပ်ကို သူ့ရဲ့ ကိုယ်ရံတော်ဟောင်းတွေက လုပ်ခငွေကြေးမပေးခြင်း၊ အကြောင်းမဲ့ အလုပ်ထုတ်ခြင်း စတဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

ဂျော်နီဒပ်ရဲ့ လုံခြုံရေး ကိုယ်ရံတော်တွေဖြစ်တဲ့ အာရီအိုလာ နဲ့ မိုက်ဂူရယ်တို့က တစ်နေ့ကို အလုပ်ချိန် ၁၂ နာရီလုပ်ခဲ့ရပေမယ့် အချိန်ပိုကြေး မရခဲ့ခြင်း၊ တရားဥပဒေကြောင်းအရ အလုပ်သမားတစ်ယောက်ရဲ့ ထမင်းစားချိန်နဲ့ လက်ဖက်ရေသောက်ချိန်လိုမျိုး နားချိန်အတွက်လည်း မရခဲ့ခြင်း၊ အန္တရာယ်ဖြစ်နိုင်တဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရခြင်းနဲ့ အလုပ်သမား အခွင့်ရေးကို ချိုးဖောက်ခံခဲ့ရခြင်း စတာတွေနဲ့ တရားစွဲဆိုထားပါတယ်။

ကိုယ်ရံတော်တွေက လုပ်ခလစာ၊ နစ်နာကြေးနဲ့ အဲဒီငွေကြေးအပေါ်မှာ အတိုးနှုန်းပါ ထည့်သွင်းပေးရန် အပြင် တရားရုံး ကုန်ကျစရိတ်များပါပေးရန် လိုလားနေကြပါတယ်။

လုံခြုံရေး ကိုယ်ရံတော်တွေဖြစ်တဲ့ အာရီအိုလာ နဲ့ မိုက်ဂူရယ် ဟာ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ Premiere Group International ရဲ့ အလုပ်သမားတွေဖြစ်ပြီး သူတို့ကို ဂျော်နီဒပ်ကို စောင့်ရှောက်ဖို့ တာဝန်ချထားသူတွေလို့ ET အွန်လိုင်းသတင်းဌာရရှိတဲ့ အချက်အလက်တွေမှာ ရေးသားထားပါတယ်။

အသက် ၅၄ နှစ်အရွယ် အနုပညာရှင် ဂျော်နီ ဒပ်ဟာ ၂၀၁၆ ခုနှစ်မှာ ငွေကြေးအခက်အခဲဖြစ်တဲ့အတွက် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီနဲ့ အဆက်အသွယ်ဖြတ်ပြီး ကိုယ်ရံတွေကို ကုမ္ပဏီကနေ တဆင့်မဟုတ်ဘဲ ကိုယ်နည်းကိုယ်ဟန်နဲ့ ငှားရမ်းခဲ့တယ်လို့ တရားရုံးအရ သိရပါတယ်။

MDN
ကိုးကား - ET online