ဂျေရုဆလင်မှာ အမေရိကန်သံရုံးဖွင့်လှစ်မယ့်အပေါ် အင်ဒိုနီးရှားပြည်သူတွေ ဆန္ဒပြ

ဂျကာတာ  ၁၂   မေ

ဂျေရုဆလင်မှာ လာမယ့်သီတင်းပတ်အတွင်း အမေရိကန်သံရုံးဖွင့်လှစ်မယ့်အပေါ် အင်ဒိုနီးရှားနိုင်ငံမှ မူဆလင်တွေက ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

သောကြာနေ့က ဂျကာတာလမ်းမတွေထက်မှာ ဆန္ဒပြနေကြတဲ့ လူပေါင်းများစွာကို ရှားရှားပါးပါးမြင်တွေ့ခဲ့ကြရတာပါ။ ဆန္ဒပြသူတွေဟာ အမေရိကန်သံရုံးဆီကို ဦးတည်လမ်းလျှောက်ပြီး အရှေ့ဂျေရုဆလင်ဟာ ပါလက်စတိုင်းတွေရဲ့ အနာဂတ်နိုင်ငံတော်အဖြစ် ဖော်ပြနေတဲ့ အလံတွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြကြောင်း သိရပါတယ်။

သံရုံးနေရာရွှေ့ပြောင်းမှုကို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် ချိုးဖောက်မှုအဖြစ် မြင်မိကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုကလည်းဝေဖန်ပြစ်တင်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုပြီး အမေရိကန်သံရုံးကို တဲလ်အဗစ်ကနေ ဂျေရုဆလင်ကို ပြောင်းရွှေ့ဖို့ ကြေညာခဲ့တာပါ။

တနင်္လာနေ့ သံရုံးဖွင့်ပွဲအခမ်းအနားကို အီဗန်ကာထရန့်နဲ့ ခင်ပွန်းဖြစ်သူ ဂျရတ် ကူရှ်နာတို့ တက်ရောက်သွားဖို့ ရှိတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။

ဖွင့်ပွဲအခမ်းအနားဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ ကန့်ကွက်မှုနဲ့လည်း ကြုံတွေ့ရဖို့ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

(MDN)
ကိုးကား-NHK