ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ  ကနေဒါနိုင်ငံ အော့တဝမြို့သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး  အလည်အပတ်ရောက်ရှိ

၂၃ သြဂုတ်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုသည် ပြင်သစ်နိုင်ငံ Biarritz တွင် ကျင်းပမည့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ကနေဒါနိုင်ငံသို့ ယမန်နေ့မနက်ပိုင်းက တရားဝင် အလည်အပတ်ရောက်ရှိခဲ့ကြောင်း  သိရသည်။


ဂျီ - ၇ နိုင်ငံများ ၏ နှစ်စဉ်ထိပ်သီးဆွေးနွေးပွဲကို  ယခုသီတင်းပတ် စနေ ၊ တနင်္ဂနွေတွင် ပြင်သစ်နိုင်ငံ၌ ပြုလုပ်မည်ဖြစ်သည်။ 


နောက်ဆုံးဆွေးနွေးပွဲကို ၂၀၁၈ခုနှစ်တွင် ကနေဒါနိုင်ငံ၌ ကျင်းပခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် နှင့် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်  တို့အကြား အခြေအနေတင်းမာမှုများ အဆုံးသတ်ခဲ့သည်။


မက္ကဆီကို နှင့် အမေရိကန်နိုင်ငံ ၊ ကနေဒါနိုင်ငံတို့အကြား မြောက်အမေရိက ကုန်သွယ်ရေးသဘောတူညီချက်အသစ် အတည်ပြုရန် နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးခဲ့သည့် ဝါရှင်တန်ဒီစီတွင် ထရန့် နှင့် ဂျက်စတင် တို့ ဇွန်လက တွေ့ဆုံသည့် နောက်ဆက်တွဲအဖြစ် မိုက်ပွန်ပီအို၏ ကနေဒါ ခရီးစဉ်တွင် ဂျက်စတင် နှင့် တွေ့ဆုံမည် ဖြစ်သည်။


ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြားချက်အရ  ကနေဒါနိုင်ငံခြားရေးဝန်ကြီး ခရစ်စတီယာ ဖရီးလမ်းသည် မိုက်ပွန်ပီအိုနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။


ဗင်နီဇွဲလား အရေးကိုလည်း  ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က ယင်းအစည်းအဝေးအစီအစဉ်နှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။


ကိုးကား - ဆင်ဟွာ


ဘာသာပြန် - မြင့်မြင့်ချို