ဂီတလောက ဖူးစာပါသည့် အဆိုတော် ဝန

၂၄ ဖေဖော်ဝါရီ

 

စိတ်ကူးလေးပါပဲ၊ အနီးဆုံးလူ စသည့် သီချင်းများနှင့် ပရိသတ်အားပေးမှုကို ရရှိထားသည့် အဆိုတော် ဝနက သူ့ချစ်သူ တက်သစ်စ အဆိုတော်ကို ပရိသတ်ကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ ဝန၏ ချစ်သူမှာ မြစ်ကြီးနားသူ ကျောင်းဆရာမလေး တစ်ဦးဖြစ်ပြီး အောင်းနီအမည်ဖြင့် ပျံသန်းလိုက် အမည်ရသည့် တေးစီးရီးကို ဖေဖော်ဝါရီ ၂၀ တွင် စတင်မိတ်ဆက် ထားခဲ့သူလည်း ဖြစ်သည်။

 

"သူနဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက ခင်မင်ရသူတွေပါ၊ သူက အစကတည်းက သီချင်းတွေ ဆိုတယ်၊ ကျွန်တော့်ထက်တောင် အရင်စောပြီး သီချင်းတွေ ဆိုနေတဲ့သူပါ၊ လွန်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းက သူ့အခွေအတွက် ကြိုးစားနေခဲ့တာ၊ ကျွန်တော်ကတော့ ကိုယ်တတ်တဲ့ အနေအထားလေးနဲ့ သူ့ကိုကူညီ ပေးထားပါတယ်၊ ဒီအခွေမှာ ကျွန်တော် သီချင်းခြောက်ပုဒ် ရေးထားတယ်၊ ငါးပုဒ်က အချစ် သီချင်းလေးတွေပါ၊ ကျန်တစ်ပုဒ်ကတော့ ရိုးရိုးစင်းစင်း သီချင်းလေးတစ်ပုဒ်၊ ကျွန်တော့်ပံ့ပိုးမှုထက် သူ့အနုပညာအပေါ် ကြိုးစားမှုက ပိုတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ဝနက သူ့ချစ်သူ အဆိုတော် အကြောင်းကို ပြောပြသည်။

 

အဆိုပါ အောင်းနီ၏ "ပျံသန်းလိုက်" တေးစီးရီးကို The Sun Music မှ ဖြန့်ချိထားခြင်းဖြစ်ပြီး အဆိုပါ တေးစီးရီးခွေတွင် တေးသီချင်း ၁၁ ပုဒ် ပါဝင်ကြောင်း၊ တေးသီချင်းများကို တေးရေး အငဲ၊ နောနော်၊ ဝန၊ ယထာ၊ အားဆမ်၊ ချမ်းငယ်တို့က ရေးသားထားကြကြောင်း သိရသည်။ အဆိုတော် အောင်းနီကလည်း "အခွေလေး ပုံဖော်ချင်နေတာကြာပါပြီ၊ စိတ်ကြိုက်ဖန်တီးနေတာကြောင့် အခွေကသုံးနှစ်လောက်ကြာသွားတယ်၊ကိုယ်က အစိုးရဝန်ထမ်းတစ်ယောက်လည်းဖြစ်တော့ ခွင့်ရတဲ့ရက်မှာ အခွေအတွက် လုပ်လိုက်ကြားထဲမှာ စာသင်လိုက်နဲ့မို့ ကြာသွားတာပါ၊ ကျွန်မရဲ့ အခွေလေးဖြစ်ဖို့ ဝိုင်းဝန်းဖန်တီးပေးဖြစ်ကြတဲ့ သူတွေအများကြီးပါ၊ အထူးသဖြင့် ကိုဝနပေါ့နော်၊ ကျွန်မအတွက် သူအများကြီး ဂရုတစိုက် လုပ်ဆောင်ပေးလို့သာ အခုလို အကောင်အထည် ပေါ်လာတာပါ" ဟု ဆိုသည်။ "ကျွန်တော်တို့ နှစ်ယောက်က ဂီတဝါသနာတူတွေမို့ ခံစားချက်လည်း နီးကြတယ်၊ ဒါကြောင့်ပဲ လက်တွဲဖြစ်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး၊ မကြာခင်မှာတော့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ မင်္ဂလာသတင်းကို ပြောပြနိုင်မှာပါ၊ မင်္ဂလာပွဲကိုလည်း သာမန်ရိုးရိုးရှင်းရှင်း ပုံစံနဲ့ပဲ စီစဉ်သွားမှာပါ" ဟု တေးသံရှင် ဝနက ပြောကြားသည်။

 

ကိုလင်း