ဂိုးပြတ်အနိုင်ရလဒ်ကြောင့် ရှုံးထွက်ဗိုလ်လုပွဲရောက်ရန် နီးစပ်သွားသည့် ရှမ်းယူနိုက်တက်

ရန်ကုန် ၂၅ မေ


၂၀၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ (ပထမနေ့)ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက ရခိုင်အသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သည်။


ရှမ်းယူနိုက်တက်အသင်းသည် အိမ်ကွင်းပွဲအဖြစ် သုဝဏ္ဏကွင်းကို အသုံးပြုခဲ့သော်လည်း အမှားအယွင်းမရှိ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် လေးဂိုးသွင်းယူနိုင်သည့်အပြင် ပေးဂိုးပါမရှိသောကြောင့် ဗိုလ်လုပွဲတက်ရောက်ရန် နီးစပ်သွားခြင်းဖြစ်သည်။ ရခိုင်အသင်းသည် ယခုပွဲအရှုံးရလဒ်ကြောင့် ဗိုလ်လုပွဲသို့ ပထမဆုံး တက်ရောက်နိုင်မည့် မျှော်လင့်ချက် အဆုံးသတ်ခဲ့ရသည်။ နှစ်သင်းစလုံး အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်သော်လည်း ရခိုင်အသင်းတွင် အဓိကတိုက်စစ်မှူး ဆင်မြူရယ် ပွဲပယ်ခံထားရသောကြောင့် တိုက်စစ်အားပျော့ခဲ့သည်။ 


ရှမ်းယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ရခိုင်အသင်း ကစားပုံမှာ ထင်သလောက် မကောင်းသောကြောင့် ရှမ်းတိုက်စစ်ကိုသာ ဖျက်ထုတ်ခဲ့ရသည်။ ၁၀ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း ဂိုးစရခဲ့ပြီး တိုက်စစ်မှူး အီမန်နျူရယ်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပွဲကိုထိန်းချုပ်ကစားသွားပြီး ၁၈ မိနစ်တွင် ဇင်မင်းထွန်းက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင်လည်း ရှမ်းယူနိုက်တက် အသင်းကသာ ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး ရခိုင်အသင်းမှာ မိနစ် ၆၀ နောက်ပိုင်းမှသာ ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။ 


သို့သော် မိုးသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် နှစ်သင်းစလုံး ခက်ခက်ခဲခဲကစားခဲ့ရသည်။ ၅၈ မိနစ်တွင် ရှမ်းယူနိုက်တက်အသင်း တတိယဂိုးရခဲ့ပြီး ဆွမ်လမန်က အဝေးကန်ချက်ဖြင့် ရယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ရခိုင်အသင်း ပြန်လည်ဖိအားပေးနိုင်ခဲ့ပြီး ချေပဂိုးရနိုင်သည့် အခွင့်အရေးများရသော်လည်း နှစ်ကြိမ်တိုင် ဘားထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။ ရှမ်းယူနိုက်တက် အသင်းအတွက် စတုတ္ထဂိုးကို ၇၁ မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဇင်မင်းထွန်းက သွင်းယူခဲ့သည်။ ရခိုင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့၏ ဒုတိယအကျော့ပွဲကို ဇွန် ၁ ရက်တွင် ဝေသာလီကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်သည်။


ဆီမီးဖိုင်နယ် ပထမအကျော့ (ဒုတိယနေ့) ကို မေ ၂၆ ရက် ညနေ ၃ နာရီခွဲတွင် မုံရွာကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး စစ်ကိုင်းအသင်းနှင့် ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်