ဂါဇာကမ်းမြောင်ဒေသ၌ သန့်ရှင်းရေးအခြေအနေ ဆိုးရွားမှုကြောင့် ရောဂါဆိုးများ ဖြစ်ပွားလာနိုင်

 

ဂျေရုဆလင် ဧပြီ ၂၅

 

ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာမှုအကူအညီများ ပို့ဆောင်မှု မြင့်တက်လာသော်လည်း  သန့်ရှင်းရေး အခြေအနေ ဆိုးရွားမှုကြောင့် ရောဂါဆိုးများဖြစ်ပွားလာနိုင်ကြောင်း ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ အကြီးအကဲက ပြောကြားသည်။ ဂါဇာကမ်းမြောက်ရှိ သန့်ရှင်းရေးအခြေအနေသည် ပူပြင်းသောရာသီဥတုတွင် ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆိုသည်။

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ  ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်များ  အေဂျင်စီမှ ကော်မရှင်နာချုပ် ဖိလစ်လက်ဇ်ဇာရီနီက သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဧပြီ ၂၂ ရက်တွင် ဂါဇာကမ်းမြောင်သို့ ထရပ်ကား ၃၁၆ စီး ဝင်ရောက်ခဲ့ကြောင်း ၎င်းကပြောသည်။

သို့သော် လိုအပ်သော အကူအညီများ ပေးပို့ရန် တစ်ရက်လျှင် ထရပ်ကား ၅၀၀ ကျော် ဝင်ရောက် ရန်လိုအပ်ကြောင်း ဖိလစ်လက်ဇ်ဇာရီနီက ဆိုသည်။

ဒေသခံများ အများအပြားခိုလှုံရာနေရာများတွင် စုပုံထားသောအမှိုက်များကို ဖယ်ရှားခြင်းသည် အဓိကဆောင်ရွက်ရမည့် ဦးစားပေးကိစ္စ ဖြစ်လာကြောင်းနှင့် ပူနွေးသောရာသီ ရောက်ရှိလာသည်နှင့်အမျှ ရောဂါဆိုးများ ဖြစ်ပွားနိုင်သည်ကိုလည်း စိုးရိမ်ကြောင်း ၎င်းက ပြောသည်။

အစ္စရေးတပ်များနှင့် ဟားမတ်စ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ဂါဇာတွင် ပြည်သူ ၁ ဒသမ ၇ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်က ပြင်းထန်စွာ ပိတ်ဆို့ထားခြင်းကြောင့် ဒေသခံပြည်သူများ အစားအစာ၊ သောက်သုံးရေနှင့် ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့ဝင်များက ဧပြီ ၂၄ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။  အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပဋိပက္ခများကြောင့် အောက်တိုဘာလမှ စတင်ပြီး လက်ရှိအချိန်အထိ ဂါဇာ၌ ၃၄၁၈၃ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

အစ္စရေးက မြေပြင်ထိုးစစ်အပါအဝင် ၎င်း၏တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည့်အတွက် ရာဖာမြို့၌ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေများ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

 ဘာသာပြန် - အောင်ကျော်ကျော်