ဂျမေကာကို အတူထွက်ခွာသွားခဲ့ကြတဲ့ ဆယ်လီနာဂိုမက်နဲ့ ဂျက်စတင်ဘီဘာ

နေပြည်တော် ၂၁ ဖေဖော်ဝါရီ

 

ကနေဒါလူမျိုး ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်ဘီဘာနဲ့ အမေရိကန်ပေါ့ပ်ကြယ်ပွင့် ဆယ်လီနာဂိုမက်ဇ်တို့ဟာ လတ်တလောမှာတော့ ဂျမေကာကို အတူထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အတူခရီးသွားခဲ့တာ ချိန်းဆိုတွေ့ဆုံဖို့မဟုတ်ဘဲ ဂျက်စတင်ဘီဘာရဲ့ ဖခင်ဖြစ်သူ ဂျာရေမီဘီဘာရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖို့ဖြစ်ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

နောက်တစ်ကြိမ် ပြန်လည်လက်တွဲခဲ့ပြီး သံယောဇဉ် ပိုမိုခိုင်မာလာပုံရတဲ့ ပေါ့ပ်ကြယ်ပွင့်စုံတွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်က ဂျမေကာလေဆိပ်မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။

 


ဂျက်စတင်ဘီဘာရဲ့ဖခင် ဂျာရေမီဘီဘာဟာ ချယ်လ်ဆီးရော့ဘလိုနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ ဆယ်လီနာဂိုမက်ဇ်ရဲ့ သတို့သမီး၊ သတို့သားရဲ့ သူငယ်ချင်းတွေနဲ့ အတူရိုက်ထားတဲ့ဓာတ်ပုံတွေကိုလည်း လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ တွေ့မြင်ခဲ့ရပါတယ်။

 

ဒီလိုဂျမေကာကို မင်္ဂလာပွဲတက်ရောက်ဆင်နွှဲဖို့ မထွက်ခွာမီက အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာနဲ့ (၂၅) နှစ်အရွယ် ဆယ်လီနာဂိုမက်ဇ်တို့ဟာ ပြီးခဲ့တဲ့ ချစ်သူများနေ့မှာတော့ မွန်တေ့ချ်ဟိုတယ်မှာ ညစာအတူစားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီနေ့က သူတို့ချိန်းဆိုတွေ့ဆုံခဲ့ကြတာကိုတွေ့ခဲ့ရတဲ့ မျက်မြင်ပရိသတ်တွေရဲ့ ပြောကြားချက်အရ သူတို့နှစ်ဦးဟာ တကယ်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရှိနေတာဖြစ်ကြောင်းလည်းသိရပါတယ်။

 

အေးပြည့်