ဂန့်ဂေါတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဂန့်ဂေါ ဇူလိုင် ၂၈

 

ဂန့်ဂေါခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့မိမြို့ဖများ၊ ပရဟိတ အသင်းများနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီက ဂန့်ဂေါခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ရှင်းလင်းပြောကြားရာ ဆေးရုံရှိ ကိုဗစ်လူနာများ၊ ယာယီဆေးရုံရှိ ကိုဗစ်လူနာများအတွက် နေ့စဉ်သောက်သုံးရမည့် ဆေးဝါးများကို ကျန်းမာရေးဌာနက ဖြည့်ဆည်းပေးရန်နှင့် ဆေးဝါးများလိုအပ်ပါက တင်ပြတောင်းခံရန်၊ အမြန်ဆုံးလိုအပ်ပါက နီးစပ်ရာဆေးဆိုင်များမှ ဝယ်ယူဖြည့်စည်းပေးရန်၊ အောက်ဆီဂျင်များ လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် ပရဟိတအဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်ပြီး နေ့အလိုက် ရရှိသုံးစွဲ မှတ်တမ်းများဖြင့် အသုံးပြုဆောင်ရွက်ရန်၊ ခရိုင်ဆေးရုံကြီးတွင်ရှိသည့် အောက်ဆီဂျင်အိုးများ ပြတ်လပ်စေရေး၊ Call Centre များ ဖွင့်လှစ်ပြီး ပြည်သူများ၏ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်စည်းဆောင်ရွက်ပေးရန်၊ အောက်ဆီဂျင်စက်ရုံအား သတ်မှတ်ရက်အတွင်း အမြန်ဆုံး ဆောက်လုပ်ပြီးစီးနိုင်ရေးနှင့် ခရိုင်/မြို့နယ်အတွင်းရှိ ကျေးရွာများအထိ လုံလောက်သည့် အောက်ဆီဂျင်အိုးများရရှိရေး ကြိုးစားဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းဝင်းက အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် ယောချစ်သူ ပရဟိတမောင်မယ်အဖွဲ့(ကိုယ်စား) ဦးအောင်စိုးမင်းက ပိုးတွေ့သူများ၏ ရုံးများ၊ နေအိမ်များလည်း ဆေးဖျန်းပေးလျက်ရှိကြောင်း၊ သေဆုံးလူနာကိုလည်း PPE ဝတ်စုံပြည့်ဖြင့် အသုဘချပေးရာတွင် PPE ဝတ်စုံအခက်အခဲများကို ဆွေးနွေးတင်ပြသည်။

 

တင်ပြချက်များအပေါ် ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)